ဘားအံ ဩဂုတ် ၂၈
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/သူလူငယ်များ အသက်မွေးဝမ်းကြောင်း ဘာသာရပ်များအပြင် ဘက်စုံဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က ဘားအံမြို့နယ်၊ အ-ထ-က-(ဒုံရင်း) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဆရာ/ဆရာမများ၊ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၈၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ Moderator အဖြစ် ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးကဆောင်ရွက်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း(ဒုံရင်း)ကျောင်းမှ ကျောင်းသား/ကျောင်းသူများဖြစ်ကြသည့် မောင်ကျော်စွာဟိန်းက စိုက်ပျိုးရေးနှင့်မွေးမြူရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းမေသဇင်စိုးက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ စောစိုင်းအောင်က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊နန်းသူသူလွင်က လူငယ်နှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စောဂျွန်ဖိုးမင်းက လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ စကားဝိုင်းဦးဆောင် ဆွေးနွေးသူကျောင်းသား/ကျောင်းသူများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဘားအံမြို့စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း(ဒုံရင်း)တွင် ကျောင်းသား/သူများ အားလပ်ချိန် စာအုပ်စာပေများ လေ့လာဖတ်ရူနိုင်ရန်အတွက် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း တာဝန်ခံဆရာမထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)