မုံရွာ ဩဂုတ် ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင် ဦးဆောင်သော မိတ်ဖက်ဌာန ဆိုင်ရာများ ပူးပေါင်းပြီး နိုင်ငံတော်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ရည်မှန်းဆောင်ရွက်နေသော အဓိကအရေးကြီးသီးနှံ (၁၀)မျိုး၏ ပန်းတိုင်အထွက်နှုန်းများကို သိရှိစေရန် ရည်ရွယ်ပြီး အဓိကသီးနှံ(၁၀)မျိုး၏ ပန်းတိုင်အထွက်နှုန်းရရှိရေး သီးနှံအထွက်မိတ်ဖက်များအကြောင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်နှင့် မိတ်ဖက်ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ (၈)ရွာမှ စပါးစိုက်တောင်သူ(၈၇)ဦးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်း ကျောင်း(အလုံ)မှ လာရောက်လေ့လာသူ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ(၄၇)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်က အဖွင့်အမှာ စကားပြောကြားပြီး မိတ်ဖက်ဌာနများဖြစ်သော မြို့နယ် ကုသရေးနှင့် မွေးမြူရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်စာရင်းအင်းနှင့် လယ်ယာမြေ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် အတူ အဓိကသီးနှံ (၁၀)မျိုး၏ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မွေးမြူရေးလုပ်ငန်းများ စနစ်တကျ မွေးမြူနိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးမည့် သီးနှံ-သစ်ပင်မျိုး-မြေမျိုးတန်းစားနှင့် မြေကို ရွေးချယ်ပြီး စိုက်ပျိုးနိုင် ရေး၊ စပါးသီးနှံအား လယ်မြေ၊ ယာမြေကို လည်း ရေတွင်း၊ စက်ရေတွင်း၊ ဆည်ရေရရှိသော မြေမျိုးများတွင် စိုက်ပျိုးနိုင်ရေး၊ ယာသီးနှံများကို ယာမြေများတွင် စိုက်ပျိုးနိုင်ရေး စသည်တို့နှင့် စပ်လျဥ်းပြီး အသီးသီးအသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ (၈)ရွာမှ စပါးစိုက် တောင်သူ(၈၇)ဦး၏ သိရှိလိုသည့် မေးမြန်းမှုများကို တာဝန်ရှိသူတို့က အသီးသီးပြန်လည် ဖြေကြားပေးခဲ့ပြီးနောက် တောင်သူများအတွက် စပါးတစ် ဧကလျှင် တစ်အိတ်နှုန်းဖြင့် ပုလဲဓာတ်မြေဩဇာများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
ဆက်လက်ပြီး အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း(အလုံ)မှ လာရောက်လေ့လာသူ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၄၇)ဦးတို့က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသော မှိုနှင့် အိမ်တွင်းအလှစိုက် ပန်းမန်များ သုတေသန ပညာပေးစင်တာရှိ အပင်မျိုးစေ့အလိုက် သဘောသဘာဝများနှင့် မွေးမြူထားရှိမှုသုတေသန နည်းများကို လည်းကောင်း၊ ငွေနှင်းမှိုမျိုးထုတ်ရာတွင် Tissue Culture နည်းဖြင့် မှိုအသားစယူသည်မှစ၍ စိုက်ပျိုးထုတ်လုပ်၍ ခူးဆွတ်နိုင်သည့်အထိ လည်းကောင်း၊ ပျိုးဥယျာဥ် Nursery Farm ရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမျိုးစုံတို့ကို လည်းကောင်း၊ ငွေနှင်းမှိုရုံရှိ ငွေနှင်းမှိုစိုက်ထုတ်ပြုလုပ်ခြင်း၊ ငွေနှင်းမှိုနှင့် ကောက်ရိုးမှိုစိုက်ပျိုး နည်းအဆင့်ဆင့်ကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတွင် ဖွင့်လှစ်ထားသော ထရိုင်ဂို ဂရားမား ဥကပ်ပါး နဂျယ်မွေးမြူရေးဓာတ်ခွဲခန်း၌ လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လည်းကောင်း အသီးသီးလေ့လာခဲ့ကြပြီးနောက် တာဝန်ရှိသူများနှင့် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး အဆိုပါ လေ့လာရေးအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး မြေအသုံးချရေး၊ မျိုးစေ့၊ သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းရုံးသို့ သွားရောက်ပြီး သက်ဆိုင်ရာ တာဝန်ခံများက မြေဆီလွှာဓာတ်ခွဲခန်း၊ မျိုးစေ့ဓာတ်ခွဲခန်းနှင့် သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းတို့တွင် လက်တွေ့ ဆောင်ရွက် နေမှုများကိုလည်းကောင်း အဆိုပါရုံးအတွင်း ဆောင်ရွက်လျက်ရှိသော ဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင် သီနှံစံပြစိုက်ခင်းအတွင်း ဆောင်ရွက် နေမှုများအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)