ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပ

ဝေါ သြဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကာ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁း၀၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်ဇင်ထွန်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေးနှင့် အသေးစားစက်မှုလက်မှုဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအား တစ်ပိုင်တစ်နိုင် လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုနည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားမှုမှတဆင့် မြို့နယ်အတွင်း တစ်ပိုင်တစ်နိုင်လူသုံးကုန်ပစ္စည်းများထုတ်လုပ်ပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိရေးကိုဆောင်ရွက်သွားကြရန်ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ သင်တန်းသူသင်တန်းသား(၂၀)ဦးကို ဆပ်ပြာအမျိုးမျိုးထုတ်လုပ်ခြင်း၊ ခေါင်းလျှော်ရည်အမျိုးမျိုးထုတ်လုပ်ခြင်းနှင့် လက်သန့်ဆေးရည်/လက်သန့်ဆေးထုတ်လုပ်ခြင်းတို့ကို ဩဂုတ်လ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ( ၅ )ရက်ကြာစာတွေ့ လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)