သရက်ချောင်းမြို့နယ်တွင် ၂၀၂၃ခုနှစ် မိုးစပါးချေးငွေများထုတ်ချေးပြီးစီး

သရက်ချောင်း     ဩဂုတ်    ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများအား မိုးစပါးလျာထားချက်ပြည့်မီအောင် စိုက်ပျိုးရန်အတွက် ၂၀၂၃ခုနှစ် မိုးစပါးချေးငွေများအား ထုတ်ချေးပြီးစီးခဲ့ကြောင်းသိရသည်။

အဆိုပါချေးငွေများထုတ်ချေးရာတွင် သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ် မန်နေဂျာ ဒေါ်အေးသီတာက တောင်သူများအား ချေးငွေထုတ်ချေးခြင်းနှင့်ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းပြောကြားခြင်း၊ ချေးငွေပြန်လည်ဆပ်ရမည့် အချိန်ကန့်သတ်ချက်၊ တောင်သူများအနေဖြင့် ချေးငွေပြန်လည်ဆပ်ရမည့် သတ်မှတ်ထားသည့်အချိန်ရောက်လျှင် မဆပ်သည့်တောင်သူများအား နောင်နှစ်တွင် ချေးငွေထုတ်ချေးပေးမည်မဟုတ်ကြောင်း စသည်ဖြင့်ရှင်းလင်းပြောကြားပြီး ချေးငွေထုတ်ချေးရန်အတွက် လိုအပ်သည်များကို စနစ်တကျဆောင်ရွက်ပေးခဲ့သည်။

မြို့နယ်အတွင်းတောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ် ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများသာ ထုတ်ချေးပေးခြင်းဖြစ်ပြီး ၂၀၂၃ခုနှစ်တွင်၊ မြိုနယ်အတွင်း မိုးစပါးစိုက်ပျိုးသည့် ကျေးရွာ(၂၀)အုပ်စုမှ တောင်သူ (၉၄၈)ဦး၊ တစ်ဧကလျှင် ၁ သိန်းခွဲနှုန်းဖြင့် စပါးစိုက် (၅၂၆၀)ဧကအတွက် ချေးငွေကျပ်(၇၈၉၀၀၀၀၀၀)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်အေးသီတာထံမှ သိရသည်။

ပြည့်ဖြိုးပိုင် (သရက်ချောင်း)