ဘိုကလေးမြို့နယ် အ.မ.က (ရွာတန်းရှည်-စံပယ်) ကျောင်း စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်

ဘိုကလေး ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စံပယ်ကုန်းကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာတွင် တည်ရှိသည့် အ.မ.က (ရွာတန်းရှည်-စံပယ်) ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်း၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပဆောင်ရွက်သည်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် အဆိုပါကျောင်း၏ ဆရာ/မများ၊ ကျောင်းသား/ သူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းကော်မတီဝင်တို့၏ စုပေါင်း ကုသိုလ်ပြုမှုနှင့် အတူ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ဝါဆိုဝါကပ်တော်မူသော သံဃာတော်အရှင်သူမြတ်များအား ပင့်ဖိတ်ကာ မြတ်ဝါဆိုသင်္ကန်း စုပေါင်းဆက်ကပ်၍ နေ့ဆွမ်း ဆက်ကပ်ကာ ရေစက်ချအနုမောဓနာတရား နာကြားခဲ့ကြသည်။

ဝါဆိုသင်္ကန်း ကပ်လှူပွဲသို့ စုပေါင်းကုသိုလ်ပြု လှူဒါန်းကြသူများနှင့် အဆိုပါကျောင်းတည်ရှိရာ အုပ်စုတွင်းရှိ အခြေခံပညာကျောင်းများသို့ ဆရာ/မများ တက်ရောက်ကြပြီး အဆိုပါ အ.မ.က ကျောင်းအနေဖြင့် နှစ်စဉ်နှစ်တိုင်း စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်မှုအား အစဉ်အလာမပြတ် ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)