ကြံခင်းမြို့နယ်ချင်းမြောင် (အ-ထ-က)တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကြံခင်း ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ချင်းမြောင်(အ-ထ-က)ကျောင်းတွင် ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက  အဆိုပါ ကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်စိုးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ တရားမဝင် လူကုန်ကူးခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများအားလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်က  လူကုန်ကူးခြင်းကြောင့် ဥပဒေအရ အပြစ်ပေးအရေးယူမှုဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းဟောပြော ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပြီး အမှတ်(၃၂) အကြီးစား စက်ရုံ(ကြံခင်း) ဘိလပ်မြေစက်ရုံမှူး ဦးဝင်းနိုင်က ကျေးဇူးတင်စကား ပြောကြားသည်။

ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)