ပဲခူး သြဂုတ် ၂၈
ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းတွင်းဂီတ၊ ရသသီဆိုပြိုင်ပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက ယနေ့ကျင်းပပြုလုပ်သည့် ကျောင်းတွင်းဂီတရသပြိုင်ပွဲသည် ပညာရေးပြက္ခဒိန်အရ လအလိုက်ဆောင်ရွက်ရမည့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနက်မှတစ်ခုဖြစ်ပြီး ကျောင်းသား/ ကျောင်းသူများအားလုံး ဘက်စုံပညာမှသည် အနာဂတ်အတွက် ထွန်းတောက်လာမည့် ကြယ်ပွင့်လေးများဖြစ်လာစေရန် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ ကျောင်းစာတွေထဲမှာတင်စိတ်ဖိစီးမှု၊ ပင်ပန်းမှုရှိတဲ့ကြားက ပြိုင်ပွဲအတွက်ရတဲ့အချိန်မှာ အကောင်းဆုံးဖြစ်စေရန် ယှဥ်ပြိုင်သူအားလုံးကိုဂုဏ်ယူပါကြောင်း၊ ဂီတပြိုင်ပွဲတွင်အနိုင်အရှုံးအဓိကမထားဘဲ မဟာဂီတ၊ ကာလပေါ်သီချင်းများကိုသံစဥ်၊ စည်းဝါးမှန်ကန်စွာသီဆိုကာ မြန်မာ့ရိုးရာယဥ်ကျေးမှု ဂီတအနုပညာစစ်စစ်ဖွံ့ဖြိုးတိုးတက်လာအောင် ဖော်ထုတ်ထိန်းသိမ်းနိုင်ပြီး မြန်မာ့ဂီတနှင့် ကမ္ဘာ့ဂီတကိုနှိုင်းယှဥ်လေ့လာနိုင်ကြဖို့လိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ KG တန်းမှ Grade-11 အထိ ကျောင်းသား/ ကျောင်းသူများက ကဗျာ၊ ဂီတ၊ ရသသီချင်းများဖြင့် သီဆိုယှဥ်ပြိုင်ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းတွင်းဂီတ၊ ရသပြိုင်ပွဲအား ကျောင်းသူ/ ကျောင်းသူများအနေဖြင့် မဟာဂီတသီချင်းနှင့် မြန်မာသံစဥ်ကာလပေါ်သီချင်းတို့၏ရသကို နှစ်သက်မြတ်နိုးတန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် ဂီတအနုပညာဘာသာရပ်ကို ဝါသနာအလျောက် လက်တွေ့ဘဝတွင်အသုံးချပုံကို ပိုမိုနားလည်နိုင်စေမည့် အသိပညာကျွမ်းကျင်မှုအသစ်များ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)