သာပေါင်း ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ဩဂုတ်လ ၂၆ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က ရောက်ရှိပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက Biometric အချက်အလက်များ ဖြည့်သွင်းမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီးနောက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံခဲ့ ကြသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့သည် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနက ပြည်သူများ၏ Biometric ထည့်သွင်းနေမှု၊ အချက်အလက်များ ဖြည့်သွင်းမှုများ ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ဆက်လက်၍ အမှတ်(၁) ရပ်ကွက်၊ ကညင်ချောင်းဓမ္မာဗိမာန် ကျောင်းတိုက်၊ ဝိဇယဓမ္မာရုံ၌ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ပြည်သူများအား အိမ်ထောင်စုဇယား၊ အချက်အလက်များ မြေပြင်ကွင်းဆင်း ပြင်ဆင်ဖြည့်စွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပြီး အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း)ရှိ သော်ကခန်းမ၌ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းဦး၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဦးဝင်းမောင်၊ ဆရာ/ဆရာမများ၊ (G-12) ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းတက်ရောက်ရေး၊ အတန်းစဥ်ကူးပြောင်းရေး ရာနှုန်းပြည့် တက်ရောက်ရေး၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျရှုံးသူများ စာမေးပွဲဖြေဆိုရေး အတွက် စီမံဆောင်ရွက်ရန်၊ အောင်ချက်မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းရေးတို့ကို လမ်းညွှန်မှာကြားရာ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းဦးနှင့် ဒုတိယမြို့နယ် ပညာရေးမှူး ဦးဦးဝင်မောင်တို့က စီမံဆောင်ရွက် ထားရှိမှုအခြေအနေများအား ပြန်လည်ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တင်ပြချက်များ အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်