ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၂၇၂ ဦး မြဝတီအမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ဆက်လက်ဝင်ရောက်

မြဝတီ သြဂုတ် ၂၈

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ  သြဂုတ် ၂၇ ရက်နေ့တွင် ၂၇၂ ဦး ဆက်လက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  ထိုင်းနိုင်ငံမှ  ပြန်လည်ဝင်ရောက်လာသည့်   မြန်မာနိုင်ငံသားများအား   တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများနှင့်  တာဝန်ရှိသူများက  ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊  ပြန်လည် ဝင်ရောက်လာသူများ၏ အချက်အလက်များ  ကောက်ယူခြင်းများကို ဆောင်ရွက်ပေးသည်။

ထိုသို့ထိုင်းနိုင်ငံမှပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး   အခြားတိုင်းဒေသကြီးနှင့်  ပြည်နယ်များမှ နေရပ်ပြန်များအား  မြဝတီမြို့ရှိ  ရွှေမြဝတီအသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာရက်ကန့်သတ်ထားရှိကာ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်ပေးခြင်းဖြစ်သည်။ ယင်းသို့ပြန်လည်ဝင်ရောက် လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ  အမျိုးသား ၂၀၃ ဦး၊ အမျိုးသမီး ၆၉ ဦး စုစုပေါင်း ၂၇၂  ဦးရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)