ကျွန်းလှ ဩဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသထွက် ထိုင်ဝမ်ပြောင်းချို ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ပြောင်းစိုက်တောင်သူများထံမှ သိရသည်။
“ဒီနှစ် ထိုင်ဝမ်ပြောင်းချိုကို ဇွန်လက ၀ ဒသမ ၃၀ ဧကစိုက်ပျိုးခဲ့ပါတယ်။ မျိုးဖိုး၊ ထွန်ယက်ခ၊ မြေဩဇာဖိုး၊ ဆေးဖိုးနဲ့ လုပ်ခအပါဝင် ငွေကျပ်နှစ်သိန်းခန့် ကုန်ကျပါတယ်။ စိုက်ပြီး နှစ်လအကြာ ချိုးယူရာမှာ ပြောင်းဖူး ၂၀၀၀ ကျော်ချိုးယူပြီးဖြစ်ပါတယ်။ အခုအခါ ပြောင်းဖူးသေးရင် ငွေကျပ် ၂၅၀၊ ကြီးရင် ငွေကျပ် ၃၀၀ ရောင်းရပါတယ်။ သီးထပ်အဖြစ် ဆက်လက်စိုက်ပျိုးသွာဖို့ စီစဉ် ထားပါတယ်” ဟု ရှမ်းစုကျေးရွာ ပြောင်းစိုက်တောင်သူ ဦးနိုင်က ပြောပြသည်။
အဆိုပါ ထိုင်ဝမ်ပြောင်းချို စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး မိသားစုဝင်ငွေရရှိသည့် အပြင် ပြောင်းရိုးကို ကျွဲ နွားစာအဖြစ် အသုံးပြုရကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ