တနင်္သာရီ ဩဂုတ် ၂၈
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်ကြွယ် ဦးဆောင်သည့် ဝန်ထမ်းများအဖွဲ့က ဦးတည်အုပ်စုများ သတ်မှတ်၍ e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွား မြှင့်တင်စို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံအတွင်း နေထိုင်သည့် အသက်(၁၀)နှစ် ပြည့်ပြီးသူများကို အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာ အချက်အလက်များ (Biometric Data)ကို ကောက်ယူမှတ်တမ်းတင်ကာ ဂဏန်း(၁၀)လုံးပါ သည့် UID (Unique Identity) (Unique ID) နံပါတ်ပါ စာရွက်ကို ကာယကံရှင်ထံ ချက်ခြင်း ပြန်လည် ထုတ်ပေးခြင်းလုပ်ငန်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ လူတစ်ဦးချင်းစီ၏ (Biometric Data) ကိုယ်ရေးအချက်အလက်များကို ကောက်ယူပြီး၊ Database အတွင်းသို့ ထည့်သွင်းခြင်းလုပ်ငန်းဆောင်ရွက်ရာမှာ သတ်မှတ်(ပုံစံ-၁)ဖြင့် မျက်လုံး၊ မျက်နှာ၊ လက်ဗွေ စသည်တို့ကို Screen ဖတ်ပြီး Biometric Data များစာရင်း ကောက်ယူပြီးစီးသည့် လူတစ်ဦးချင်းစီအား QR Code ပါပြီး ဂဏန်း(၁၀)လုံးပါသည့် Unique ID နံပါတ်စာရွက်ကို ပြန်လည်ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဦးစီးအရာရှိနှင့် အဖွဲ့သည် (၁၇-၈-၂၀၂၃) ရက်နေ့မှစ၍ အ.ထ.က တနင်္သာရီရှိ ဆရာ/မများ၊ ဝန်ထမ်းများနှင့် မှီခိုသူများ၊ အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသူ/သားများအား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင် နှင့် အတန်းပိုင်ဆရာမများက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးပြီး ယနေ့ ဩဂုတ်လ ၂၆ ရက်နေ့တွင် ဝန်ထမ်းများနှင့် မှီခိုသူများ၊ အသက်(၁၀)နှစ် အထက် ကျောင်းသား/သူများ စုစုပေါင်း (၅၆) ဦး တို့အား (Biometric Data) ဆိုင်ရာများ ကောက်ယူ၍ QR Code ပါပြီး ဂဏန်း (၁၀)လုံး ပါသည့် Unique ID နံပါတ်စာရွက်ကို တစ်ဦးချင်းစီအား ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် ဦးမြင့်ကြွယ်နှင့် ရုံးဝန်ထမ်းများအဖွဲ့က (Biometric Data) ဆိုင်ရာများ ကောက်ယူခြင်းလုပ်ငန်းနှင့် QR Code ပါပြီး ဂဏန်း(၁၀)လုံး ပါသည့် Unique ID စာရွက်ထုတ်ပေးခြင်းကို (၁၇-၇-၂၀၂၃)နေ့မှစ၍ ဦးတည်အုပ်စုများ သတ်မှတ်၍ မြို့နယ်ဦးစီးမှူး ရုံးခန်းအတွင်း နိုင်ငံ့ဝန်ထမ်းများနှင့် မှီခိုသူ မိသားစုဝင်များကို အစီအစဉ်အတိုင်း ကောက်ယူဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ အမျိုးသား(၆၀၅)ဦး+အမျိုးသမီး(၇၇၀)ဦး စုစုပေါင်း (၁၃၇၅)ဦး တို့ကို ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပြီး ကျန်ရှိသူများကိုလည်း အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဦးစီးအရာရှိ ဦးမြင့်ကြွယ်ထံမှ သိရ သည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)