ရေဖြူ ဩဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ထွက် ကွမ်းသီးအမှည့်များကို ဝယ်ယူရောင်းချမှုများ ရှိနေသော်လည်း သယ်ယူစရိတ်ပေါ်မူတည်၍ ရောင်းချနေရကြောင်း ကွမ်းသီးစိုက် တောင်သူများထံမှ သိရသည်။
ကျောက်ကညာကျေးရွာမှ ကွမ်းသီးဝယ်ယူရောင်းချသူတစ်ဦးက "လမ်းခရီးမှာ ကားတင်စရိတ်တွေ ကြီးမြင့်လာတာနဲ့အမျှ ဒီဘက်က ကွမ်းသီးဈေးကို အရင်လို ၃၀ ကျပ်နဲ့မဝယ်နိုင်တော့ဘူး။ အလုံးကြီးတွေကိုပဲ ၂၅ ကျပ်ဈေးပေးပြီး ဝယ်တော့တယ်။ အလုံးငယ်တာတွေကျတော့ သယ်ယူစရိတ် ကားခနဲ့ တွက်ချေမကိုက်လို့ မဝယ်တော့ဘူး" ဟု ပြောသည်။
ကုန်ဈေးနှုန်းကြီးမြင့်လာသည်နှင့်အမျှ ကွမ်းသီးခြံလတ်တလောရရှိနေသော အသီးများကို ခြံစရိတ်ကာမိစေရန် ခူးယူရောင်းချကြသော်လည်း ဝယ်လိုအားမရှိ အခက်အခဲတွေ့လျက်ရှိကြောင်း ကွမ်းခြံတောင်သူ ဒေါ်စန်းအေးကပြောသည်။
ရေဖြူမြို့နယ်သည် နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ပင်သီးနှံဖြစ်သည့် ကွမ်းသီးပင်သည် မတ်လမှမေလအတွင်း၌ စတင်အပွင့်ပွင့်ပြီး အသီးကင်းနုများစတင်ထွက်လေ့ရှိသည်။ ပုံမှန်အားဖြင့် အသီးရင့်မှည့်ချိန်မှသာ ခူးယူခြင်း၊ ကြွေကျအသီးများကို လိုက်လံကောက်ယူပြီး အလုံးလိုက်ရောင်းချလေ့ရှိသော်လည်း ပြီးခဲ့သည့်ကွမ်းသီးရာသီတွင် ကွမ်းသီးဈေးကျဆင်းသည့်အတွက် အခြောက်ခြမ်းနေလှန်းသည်အထိ မထားတော့ဘဲ အသီးအမှည့်များအလုံးလိုက်ကို တစ်လုံးလျှင် ၃၀ ကျပ်ဖြင့် ရောင်းချခဲ့ရသော်လည်း ယခုနှစ်ရာသီတွင် သယ်ယူစရိတ်ပေါ်မူတည်၍သာ ဝယ်ယူမှုများရှိနေကြောင်းသိရသည်။ ကွမ်းသီးပင်စိုက်ပျိုးမှုသည် ဒုတိယအများဆုံးစိုက်ပျိုးသည့် သီးနှံဖြစ်ပြီး ရေဖြူမြို့ထွက် ကွမ်းသီးပင်များအား ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ခတ္တာ