မင်းလှ ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းစားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံမိုးမြေပဲမျိုးစေ့ထုတ်စိုက်ကွင်းအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးထွန်းထွန်းအောင်နှင့် တာဝန်ရှိသူများသည် ကိုင်းပြင်ကြီးအုပ်စု၊ ကိုင်းပြင်ကြီးကျေးရွာအနီး ကွင်းအမှတ်(၇၈၁/က)၊ ဦးပိုင်အမှတ်(၆၃)တောင်သူဦးတင်ဦး၏ ယာမြေ(၃)ဧက၌ ဗီယက်နမ်မျိုးဆီထွက်သီးနှံမိုးမြေပဲမျိုးစေ့ထုတ်စိုက်ကွင်းအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုခဲ့ပြီး မြို့နယ်အတွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီဆီထွက်သီးနှံများကို စိုက်ပျိုးခဲ့ရာ မိုးမြေပဲ(၇၂၆)ဧက၊ မိုးနှမ်း(၁၂၀၁)ဧက၊ မိုးနေကြာ(၂၁)ဧက စုစုပေါင်း(၁၉၄၈)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။
ပေါက်စ(မင်းလှ)