မြန်အောင် သြဂုတ် ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (ရုံးချုပ်)၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်က မြန်အောင်မြို့နယ် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးနေကြာမျိုးစေ့ချစိုက်ပျိုးပွဲ တက်ရောက်အားပေး၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး မြန်အောင်တာမိုင် ၅/၆ အနီး ကမ်းပြိုမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တာဝန်ရှိသူများသည် မြန်အောင်တာမိုင် ၅/၆ အနီးကမ်းပြိုမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ သက်ဆိုင်ရာဌာနများအား ဆောင်ရွက်ရမည့် မြစ်ကမ်းထိန်း လုပ်ငန်းများ တင်ပြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ မြန်အောင်မြို့နယ် ကန်ဇွန်းခုံကျေးရွာအုပ်စု တောင်သူဦးကျော်ဝင်း၏ ကွင်းအမှတ် ၂၃၅၊ ဦးပိုင်အမှတ် မ/၂၁ ၊ နှစ်ဧကတွင် မိုးနေကြာ Super Sun (41)မျိုးစေ့ချ စိုက်ပျိုးပွဲသို့ တက်ရောက်အားပေးပြီး ဒေသခံတောင်သူများနှင့်တွေဆုံပြီး နေကြာ အထွက်တိုး မျိုးသန့်မျိုးကောင်း စိုက်ပျိုးထုတ်လုပ်ရေးအတွက် တောင်သူနှင့်ဌာနဆိုင်ရာ အတူတူပူးပေါင်း ဆောင်ရွက်ကြရန်၊ စိုက်ပျိုးနည်းပညာ ဖြန့်ဝေမှုအားမိမိတို့ဝန်ကြီးဌာနမှ တောင်သူများ သိရှိစေရန် ဝန်ထမ်းများက ဆောင်ရွက်ပေးနေကြောင်း၊ ဒေသခံတောင် သူကြီးများ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသော အထွက်နှုန်းကောင်း နေကြာမျိုးသန့် ပြောင်းလဲစိုက်ပျိုးရန် မှာကြားသည်။ ထို့နောက် စိုက်ပျိုးရေးပညာရှင်များက တောင်သူများ ဆီထွက်သီးနှံ နေကြာ အထွက်တိုးရေး နည်းပညာများကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကန်ဇွန်းခုံကျေးရွာအုပ်စု တောင်သူ ဦးစိန်လှိုင်၏ ကွင်းအမှတ် ၂၃၅၊ ဦးပိုင်အမှတ် မ/၂၂ နှစ်ဧက တွင် မကွေး(၁၂) မိုးမြေပဲ စံကွက်ရိတ်သိမ်းထားရှိရာ မြေပဲတစ်ဧက အခြောက်တင်း ၈၈.၄၈ တင်းထွက်ရှိမှုနှင့်သီးထပ်သီးညှပ်မိုးနေကြာ စိုက်ပျိုးအောင်မြင် မှုတို့အား ကွင်းဆင်းကြည့်ရှု၍ တောင်သူများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်) မြန်အောင်