ကော့သောင်း ဩဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စက်တင်ဘာ(၁၃)ရက်နေ့တွင် ကျရောက်မည့် (၁၁)နှစ်မြောက် လူကုန်တားရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် "လူကုန်ကူးမှုခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှု ရရှိဖို့ဆောင်ရွက်ကြပါစို့ "ဆိုင်းဘုတ်စိုက်ထူခြင်းများကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာ ကားဂိတ်၊ လေဆိပ်များတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူဟိန်းစိုးနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ခရိုင်မီးသတ်ဦးစီးဌာန၊ လူကုန်တားရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအတွက် ဆက်သွယ်ရမည့် Hot Line ဖုန်းနံပါတ်များပါရှိသော "လူကုန်ကူးမှုခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှု ရရှိဖို့ဆောင်ရွက်ကြပါစို့" ဆိုင်းဘုတ်အား ကော့သောင်းမြို့မတံတားရှေ့၊ သုံးမိုင်ကားဝန်းအတွင်းနှင့် ၇ မိုင် လေဆိပ်ဝင်ပေါက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)