တိုင်းဒေသကြီးဝန်ကြီးချုပ် ကုန်ဈေးနှုန်းများတည်ငြိမ်မှန်ကန်မှုရှိရေးနှင့် ပြည်သူများ​​ စျေးရောင်း​စျေးဝယ် ပြုလုပ်​နေမှုများအား ကွင်းဆင်းစစ်ဆေး၊ သာပေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်၊ မြို့နယ် ပညာရေးမှုးများဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ

ပုသိမ် ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့မဈေးသို့သွားရောက်၍ ကုန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်ရှိစေရေးနှင့် ပြည်သူများ ​စျေး​​ရောင်း​စျေးဝယ်ပြုလုပ်​နေမှုအ​ခြေအ​နေများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့မဈေး၌ ဆန်၊ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ အခြေခံစားသောက်ကုန်များ၊ ဟင်းသီး၊ ဟင်းရွက်များနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို ရောင်းချနေမှု နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အဆင့်ဆင့် သယ်ယူပို့ဆောင်ရောင်းချရာတွင် ကုန်ကျသည့် ကုန်ကျစရိတ်များ၊ တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိသည့် ဈေးနှုန်းထားများကို ဈေးရောင်းချသူများနှင့် ရင်းရင်းနှီးနှီးအပြန်အလှန်​ ဆွေး​နွေး​မေးမြန်းခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ​စျေးအတွင်းသန့်ရှင်း​ရေးလုပ်ငန်းများ စနစ်တကျ​ဆောင်ရွက်ကြရန်၊ အပတ်စဥ်ဗုဒ္ဓဟူး​နေ့နှင့် တနင်္ဂ​နွေ​နေ့တိုင်း ပလပ်စတစ်အိတ်အသုံးမပြုရနေ့ သတ်မှတ်ထားရာမှ တိုးမြှင့်​နိုင်​ရေးနှင့် ပြည်သူများအား သက်သာသောနှုန်းထားများဖြင့်ရောင်းချပေးနိုင်ရေး၊ သယ်ယူစရိတ်များသက်သာစွာ ဝယ်ယူရောင်းချနိုင်စေရေး၊ သန့်ရှင်းလတ်ဆက်၍ ကျန်းမာရေးနှင့်ညီညွတ် ဒေသထွက်ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များရောင်းချနိုင်စေရေးမှာကြားခဲ့ပြီး ​စျေးအတွင်း လှည့်လည်ကြည့်ရှုစစ်​ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးနှင့် အမှတ်(၁)ရပ်ကွက်၊ ဓမ္မဗိမာန်ကျောင်းတိုက်တို့သွားရောက်၍ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ e - ID ဆာဗာ အတွင်းရေးသွင်းဖြည့်သွင်းခြင်း၊ မွေးဖွား၊ သေဆုံးစာရင်များ ကောက်ယူခြင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်၊ မြို့နယ်ဦးစီးမှူးများမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြေပြင်လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများအားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန်၊ စာရင်းဇယားများ မှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း စာရင်းများ ပြည့်စုံမှန်ကန်စေရေး အင်တိုက်အားတိုက် ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သာပေါင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ခရိုင်၊ မြို့နယ်ပညာရေးမှုးများဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံခဲ့ပြီး “ ဧရာဝတီတိုင်း ဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက ရေခံမြေခံကောင်းမွန်ပြီး လူ့စွမ်းအားအရင်းအမြစ်များလည်း ပေါကြွယ်ဝပါကြောင်းနှင့် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံးဖြစ်ပါကြောင်း၊ ပညာရေးမြင့်မားသည့် တိုင်းဒေသကြီးဖြစ်ပြီး ပညာသင်ကြားမှုအခွင့်အရေးများ ထိခိုက်နစ်နာမှုမရှိစေရေး ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးအနေဖြင့် မိမိတို့မျှော်မှန်းထားသည့် ရာနှုန်းပြည့်အောင်မြင်မှုသို့ မရရှိသေး၍ ရာနှုန်းပြည့် အောင်မြင်စေရေး ပိုမိုကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ယခုပညာသင်နှစ်တွင် အကြောင်းကြောင်းကြောင့် ‌မဖြေဆိုဖြစ်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျရှုံးခဲ့သူများသည် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရမည်ဖြစ်၍ ထိုကျောင်းသား/ကျောင်းသူများ ပြန်လည်ဖြေဆိုစေရေး၊ သင်ကြားပြသပေးနိုင်ရေးနှင့် အောင်မြင်အောင်ဖြေဆိုနိုင်စေရေး စီမံဆောင်ရွက်မည့် အစီအစဉ်များ၊ နည်းလမ်းများတင်ပြဆွေးနွေးပေးစေလိုကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ပေါ်လာစေရေးအတွက် လူငယ်များ၏ အခန်းကဏ္ဍများကို မြှင့်တင်ပေးလျက်ရှိရာ ဆရာ၊ ဆရာမများအနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ အခြေခံပညာကျောင်းများ၌ လူငယ်စကားဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်သွားကြရန်လည်းလိုပါကြောင်း၊ အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲများလည်း ပြုလုပ်ယှဉ်ပြိုင်ရန်လိုပါကြောင်း၊ ကဏ္ဍစုံလွှမ်းခြုံနိုင်သည့် ပညာရေးစနစ်ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းမှုရာနှုန်းပြည့်ဖြစ်စေရေး ဆရာ၊ ဆရာမများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လိုပါကြောင်း၊  ” အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်၊ ခရိုင်ပညာရေးမှူးများက တက္ကသိုလ်ဝင်စာမေးပွဲဆိုနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားစေရေး ကျောင်းသားကျောင်းသူများ၊ ဆရာ၊မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များက နှစ်စမှပင်စတင်၍ နှစ်ကုန်အထိ ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာရှိ တောင်သူဦးကြည်ခိုင်စိုး၏ လယ်မြေ(၆၀)ဧကတွင် ဧရာဝတီပေါ်ဆန်းကြီး (ဓါတုကင်းလွတ်)  ကောက်စိုက်သမများဖြင့် စနစ်တကျ စိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးခဲ့ကာ ဓါတုကင်းလွတ်စပါးများ ပိုမိုစိုက်ပျိုးထုတ်လုပ်စေရေး၊ ကျန်ကျန်ပြန့်ပြန့်ဆောင်ရွက်စေရေး မှာကြားခဲ့ပြီး ကောက်စိုက်သမများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)