ကန့်ဘလူ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ပြည်သူအများစုသည် မိသားစုစီးပွားရေးလုပ်ငန်း အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကထား စိုက်ပျိုးထုတ်လုပ်သော ဒေသတစ်ခုဖြစ်သည့်အလျောက် ရာသီအလိုက် စိုက်ပျိုးရေးသီးနှံများကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြသည်။ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ကန့်ဘလူမြို့နယ်၌ ပဲမျိုးစုံသီးနှံ ၂၂၉၇၄၀ ဧကကို မေ၊ဇွန်လများက စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၂၀၇၃၀၀ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျွန်တော်တို့မြို့နယ်မှာ ဒေသခံတောင်သူတွေ ရာသီအလိုက်စိုက်ပျိုးသီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ဖို့၊ သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲနိုင်ဖို့၊ ဒေသရာသီဥတုနှင့်ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ဖို့၊ တစ်ဧကအထွက်နှုန်း ကောင်းမွန်ရေး၊ သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားကျရောက်မှု မရှိစေရေး၊ စိုက်ပျိုးရေးနည်းပညာများကို လိုက်ပါဆောင်ရွက်နိုင်ရေးတို့အတွက် ကွင်းဆင်းအသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ် ” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်ကပြောသည်။
ကန့်ဘလူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအနေဖြင့် ပဲတီစိမ်း(မိုးကြို) ၇၆၂၄ ဧက၊ ပဲတီစိမ်း(မိုး) ၈၁၀၉၁ ဧက၊ ပဲစင်းငုံ ၁၁၅၆၆၀ ဧက၊ စွန်တာပြာ ၂၁၄၂ ဧက၊ ထောပတ်ပဲ ၇၈၀ ဧကနှင့်အခြားပဲ ၃ ဧက စုစုပေါင်း ၂၀၇၃၀၀ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရသည်။ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် လျာထားချက်ဧကများ ပြည့်မီစွာစိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများအား စည်းရုံးကာပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)