ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ယာယီနေရပ်စွန့်ခွာပြည်သူများအား ရိက္ခာနှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့

ဘားအံ ဩဂုတ် ၂၇

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့တွင် ပြောင်းရွေ့နေထိုင်သော ယာယီနေရပ်စွန့်ခွာပြည်သူများအား ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် Family Kit ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြိုင်ကြီးငူအထူးဒေသ မြိုင်ကြီးငူနန်းဦးဘေးမဲ့တောရ ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တဉာဏိကအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ လှူဒါန်းသော ထီးဖိုးခလုံး-မြိုင်ကြီးငူလမ်း ပြုပြင်ထိန်း သိမ်းစရိတ် ၁၈၂၀၀၀၀၀၀ (တစ်ထောင်ရှစ်ရာနှစ်ဆယ်သိန်း)၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြည်တော်ဝင်မိသားစုများ အတွက်ထောက်ပံ့ငွေကျပ် (၉၀)သိန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမမောင်းမြို့၊ ရွှေမြတ်မျိုးကြွယ်(အုန်းတော)ပရိယတ္တိ စာသင်တိုက် စာချဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆန်၊ ဆီအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူ ငွေများဆက်ကပ်လှူဒါန်းကြပြီး ကမမောင်းမြို့တွင် ယာယီပြောင်းရွေ့နေထိုင်သော နေရပ်စွန့်ခွာပြည်သူများအား  သီရိသုခဓမ္မာရုံ၌ တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က ယာယီပြောင်းရွေ့နေထိုင်လာခဲ့သည်မှာ တစ်နှစ်ကျော်လာပြီ ဖြစ်သည့်အတွက် မိသားစုများအခက်အခဲဖြစ်ကြမည်ကို စာနာနားလည်ပါကြောင်း၊ ပြောင်းရွေ့နေထိုင်စဉ်ကာလအတွင်း တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင်ဖြင့် ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ နေထိုင်ကြစေလိုကြောင်း အားပေးစကားများပြောကြားပြီး ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု ၇၇၈ စု၊ လူဦးရေ ၃၃၃၃ အတွက် တစ်ပတ်စာဆန်ရိက္ခာဖိုးငွေ ၆၉၉၉၃၀၀(ခြောက်ဆယ်ကိုးသိန်းကိုးသောင်းကိုးထောင်သုံးရာ)ကျပ်၊ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် အစရှိသော စားသောက်ကုန်ပစ္စည်းများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ပစ္စည်း(၁၇)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းများနှင့် Family Kit ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ယာယီနေရပ်စွန့်ခွာပြည်သူများက ပြောင်းရွေ့နေထိုင်စဉ်ကာလအတွင်း ကြုံတွေ့ရသည့် အခက်အခဲများ၊ လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမမောင်းမြို့ ပြည်သူဆေးရုံတွင် သင်တန်းတက်ရောက်လျက်ရှိသော အရန်သားဖွားသင်တန်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသဆောင်ရွက်ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများကို မေးမြန်းအားပေးစကားပြောကြားကာ အာဟာရဖြည့်စွက် အစားအစာများထောက်ပံ့ပေးအပ်ကာ အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီးနှင့်ကျန်း မာရေးဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများနှင့် အထွေထွေအသုံးစရိတ်ငွေကျပ် (၃)သိန်းတို့ကို ထောက်ပံ့ပေး အပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၏ သင်ကြားသင်ယူနေမှုအခြေအနေ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ဖာပွန်မြို့နယ်ရုံးမှ အဆိုပါကျောင်းတွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှု၊ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝအချက်အလက် (Biometric) ကောက်ယူနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးထံ အထွေထွေအသုံးစရိတ် (၅)သိန်း ကျပ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၃၀ ကတ်နှင့် Unique identification Number ကောက်ယူပြီးကြောင်း အထောက်အထား unique ID စာရွက်များအား ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမမောင်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ မိဇိုင်းကျေးရွာတွင် ရေကြီးနစ်မြှုပ်မှုကြောင့် စိုက်ပျိုးပြီးမိုးစပါးထိခိုက်ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးပြီး တောင်သူများအား မြေဩဇာနှင့် မျိုးစပါးများ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အမြန်ဆုံးပြန်လည်စိုက်ပျိုးကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမမောင်းမြို့ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တကုသလအား သွားရောက်ဖူမြော်ကြည်ညို၍ ကမမောင်းမြို့ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာနမှထောက်ပံ့လှူဒါန်းသော ဆန်ဖိုး ငွေကျပ် ၁၉၈၃၆၀၀၀ (တစ်ရာကိုးဆယ်ရှစ်သိန်းသုံးသောင်းခြောက်ထောင်)ကျပ်၊ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆန်၊ ဆီ အစရှိသောစားသောက်ကုန်ပစ္စည်းများ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် သဘာဝဘေးကြောင့် မိုးစပါးသီးနှံပျက်စီးဆုံးရှုံးသွားသော တောင်သူများအား မျိုးစပါးနှင့်မြေဩဇာ များထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း မြို့နယ် (၇)မြို့နယ်ရှိသည့်အနက် သံတောင်ကြီးမြို့နယ်မှလွဲ၍ ကျန်မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်နယ်တစ်ခုလုံးအနေဖြင့် စိုက်ပျိုးပြီးမိုးစပါးဧက ၁၂၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ကမမောင်းမြို့တွင် ဧက ၆၀ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ မိုးစပါးအထွက်နှုန်း လျော့နည်းကျဆင်းမှုမရှိစေရေးအတွက် ထိခိုက်ပျက်စီးခဲ့သော စိုက်ဧကများအတွက် မြေဩဇာနှင့်မျိုးစပါးများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန်လိုအပ်ကာ စားရေရိက္ခာဖူလုံရေးအတွက် မြေလွတ်မြေလပ်မကျန် စိုက်ပျိုးမွေးမြူကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မိုးစပါးသီးနှံပျက်စီးဆုံးသွားသော တောင်သူများအား ဆင်းသုခမျိုးစပါး ၅၀ တင်းနှင့် ယူရီးယားဓါတ်မြေဩဇာ ၅၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ပြီး ကမမောင်းမြို့တွင် လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များထမ်းဆောင်နေသော နယ်မြေခံတပ်မတော်တပ်ရင်းတပ်ဖွဲ့ များအား ငွေကျပ်(၁၀)သိန်းနှင့် ခေါက်ဆွဲခြောက်များ၊ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့အား ငွေကျပ်(၁၀)သိန်းနှင့် ခေါက်ဆွဲခြောက်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ငွေကျပ်(၅)သိန်းနှင့်ခေါက်ဆွဲခြောက်များ၊ တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများအား ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တောင်သူကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမမောင်းမြို့၊ မြို့မဘောလုံးကွင်းအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ကမမောင်းမြို့ ရွှေမြတ်မျိုးကြွယ်(အုန်းတော) ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တခေမိကအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)