ငဖဲ ဩဂုတ်၂၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံနှင့် ရင်းရှည်ရေလှောင်တမံရှိသည့်အနက် မန်းချောင်းရေလှောင်တမံသည် ယနေ့နံနက် ၆ နာရီအချိန် တိုင်းတွာချက်အရ ဆည်ရေပြည့်အမှတ် (R.L 625)Ft ရှိရာမှ (R.L 626) Ft သို့ရောက်ရှိပြီး ပင်မရေပိုလွှဲမှ (၁)ပေ အမြင့်အဖြစ် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း ငဖဲမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ယခုလက်ရှိတွင် မန်းချောင်းရေလှောင်တမံအတွင်း ရေပြည့်မှတ်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်မှုများရှိနေသော်လည်း မြို့နယ်အတွင်းရှိပြည်သူများသိရှိနိုင်ရန် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအဆင့် (၁) အဖြစ်သတ်မှတ်ပြီး တမံရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့် ရှင်းလင်းဆောင်နေရာများတွင်လည်းကောင်း၊ မန်းချောင်းဘေးရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများနှင့် ကျေးရွာခွဲများတွင်လည်းကောင်း အစိမ်းရောင်အလံများစိုက်ထူ၍ အသိပေးနှိုးဆော်ထားရှိသည်။
ငဖဲမြို့နယ်မန်းချောင်းရေလှောင်တမံမှ နှစ်စဉ်ပင်မရေပိုလွှဲမှရေကျော်လေ့ရှိရာ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် (၀.၇)ပေအထိမြင့်တက်၍ ရေကျော်ကျခဲ့မှု ရှိခဲ့ပြီး ထိုမှတစ်ဆင့် လျော့နည်းကျဆင်းသွားခဲ့ရာ သြဂုတ်လ ၂၇ ရက်နေ့တွင် (၁) ပေခန့် ဆက်လက် ရေကျော်ကျနေ၍ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စရာ အခြေအနေမရှိကြောင်း၊ သြဂုတ်လ စတုတ္တပတ်အတွင်း မန်းတမံအထက်ပိုင်းတွင်မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် မန်းဆည်အတွင်း တောင်ကျချောင်းရေ နှင့် မိုးရေအဆက်မပြတ်ဝင်ရောက်ခဲ့ရာ ရေပိုလွှဲမှ ရေကျော်ကျခြင်းဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကင်းဝေးနိုင်ရေးအတွက် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက်အရ ပြည်သူများသိရှိနိုင်ရန် အသိပေးနှိုးဆော် ထားရှိကြောင်း၊ တမံ၊ ရေထုတ်ပြွန်နှင့်ဆက်စပ်အဆောက်အဦများ အားလုံး ကြံ့ခိုင်ကောင်း မွန်ကြောင်းနှင့် (၂၄)နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)