ပွင့်ဖြူ ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတတိုးပွားပြီး ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ဩဂုတ် ၂၅ ရက်၊ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းခွဲ အစည်းအဝေးခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးဟောပြောရာတွင် ဦးစွာပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးပြီး ပညာရည် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက် ပညာသင်ယူချိန်အရွယ်၌ ဘဝရည်မှန်းချက်များ ချမှတ်၍ ကြိုးစားသင်ယူကြစေလိုကြောင်း၊ ကျောင်းစည်းကမ်းများကိုလည်း တိကျစွာလိုက်နာကြရန်၊ ဆရာ/ဆရာမ များ၏ ဆိုဆုံးမမှုများကို အလေးထားလိုက်နာကြရန်နှင့် ကျောင်းတက်မှန်ကန်ရေး မပျက်မကွက် ဆောင်ရွက်ရန်တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်သူလှိုင်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် နိုင်ငံတော်မှထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းစီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ လက်တွေ့ နယ်ပယ်တွင် ဖြစ်စဉ်များအား သာဓကပြု၍ စုံစမ်းဖော်ထုတ်ပြီး လုပ်ထုံးလုပ်နည်းဥပဒေ၊ နည်းပဥဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နေမှုများကို အသိပညာပေးဆွေးနွေးဟောပြောပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ရှယ်ရတနာဦးက ကျောင်းသား/ကျောင်းသူများ စည်းလုံးညီညွတ်စွာဖြင့် ပညာဆည်းပူးသင်ယူကြန်ရန်၊ ခိုက်ရန်ဒေါသ ဖြစ်ပွားမှုများ ဖြစ်ပေါ်လာပါက အရေးယူခံရမည့် ဥပဒေပုဒ်မများနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး ဆွေးနွေးဟောပြောသည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဆုအောင်က ကျောင်းသားကျောင်းသူများ စိတ်ဓာတ်/စည်းကမ်း ကြံ့ခိုင် ကောင်းမွန်ရေး လိုက်နာရမည့်တာဝန်များ ယဉ်ကျေးလိမ္မာသော လူတော်လူကောင်းများဖြစ်စေရန် မိဘ/ဆရာများ၏ ပဲ့ပြင်ဆုံးမမှုကို လိုက်နာရမည့်အချက်များနှင့် သင်ကြားပို့ချပေးသည့် ဘာသာရပ်များအလိုက် တတ်သိနားလည် ကျွမ်းကျင်မှုရှိအောင် ကြိုးစားသင်ယူကြရန်တို့ကို ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဆွေးနွေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စံပြကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ ၊ ကျောင်းသား/ကျောင်းသူ ၁၀၀ ဦးခန့် တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး