ဘားအံ ဩဂုတ် ၂၇
ကရင်ပြည်နယ်အတွင်း ယခုနှစ် ဇူလိုင်လနှင့်ဩဂုတ်လများတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး/ရေလျှံခြင်း၊ လယ်ယာမြေများရေလွှမ်းခြင်း၊ စိုက်ပျိုးပြီးသီးနှံပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းတွင် မိုးစပါး သီးနှံပျက်စီး ဆုံးရှုံးသွားသော တောင်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ မျိုးစပါးနှင့်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သဘာဝဘေးကြောင့် ထိခိုက်ခံရသော လယ်ယာမြေများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဖြစ်သော အချိန်မီအစားထိုးစိုက်ပျိုးနိုင်ရေး၊ ရေကြီး နစ်မြှုပ်ချိန်တွင် ကျရောက်တတ်သော ပိုးမွှားရောဂါများကို ကာကွယ်နှိမ်နှင်းနိုင်ရေးနှင့် ရေကြီးနစ်မြုပ်သည့်စပါးခင်းများ အထွက်နှုန်းလျော့နည်းမှု မရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့်နည်းလမ်းများကို မဖြစ်မနေ လိုက်နာဆောင်ရွက်ကြဖို့လိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေးနှင့် အခွင့်အရေးကာကွယ်ရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ပေးသကဲ့သို့ ဒေသခံတောင်သူများအနေဖြင့်လည်း သီးနှံအထွက်တိုးရေး၊ စားရေရိက္ခာဖူလုံပိုလျှံရေးနှင့် လယ်ယာကဏ္ဍတိုးတက်မြင့်မားရေးအတွက် အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံခရိုင်၊ ဘားအံမြို့နယ်နှင့်လှိုင်းဘွဲ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ မိုးစပါးပျက်စီးဆုံးရှုံးဧက ၈၂၅၇ ဧကအတွက် ဆင်းသုခစပါးမျိုးစေ့ ၆၀၀ တင်း၊ ယူရီးယားဓါတ်မြေဩဇာ ၆၀၀ အိတ်နှင့် သဘာဝမြေဩဇာ ၁၀၀ အိတ်တို့ကို တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး မိုးစပါးပျက်စီးဆုံးရှုံးသွားသည့် တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် မိုးစပါးပျက်စီးဆုံးရှုံးသွားသော တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ဘားအံ-ထုံးအိုင်-ဇာသပြင် အဖြောင့် ကားလမ်း မကြီးဘေး ဘားအံမြို့နယ်၊ တောင်သူကုန်းကျေးရွာအုပ်စု၊ ကွန်ဒိုင်ကွင်း(၃၈ ဒဿမ ၇၀)ဧကတွင် နေထိုင်ကျက်စားသော စိုက်ပျိုးရေးအကျိုးပြု ခရုတုတ်ငှက်(Asian openbill or Asian poenbill stork)များအား ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုးက ငှက်ကြည့်စင်၌ ခရုတုတ်ငှက်များ၏ သွင်ပြင်လက္ခဏာ၊ အလေ့အထများ၊ လူသားအကျိုးပြုခြင်းများ၊ သတိပေးတားမြစ်ချက်များ၊ ကွန်ဒိုင်ဒေသခံအစုအဖွဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေ ဖွဲ့စည်းဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်ကြည့်ရှု လေ့လာနိုင်သည်အထိ သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ အဖြောင့်လမ်းမှ ငှက်ကြည့်စင်ထိ ကုန်ထုတ်လမ်းဖောက် လုပ်ဆောင်ရွက်သွားရန်၊ နယ်မြေဧရိယာတိုးချဲ့သတ်မှတ်၍ မှတ်တိုင်များ စိုက်ထူသွားရန် လမ်းညွှန်မှာကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ငှက်ကြည်စင်မှနေ၍ ခရုတုတ်ငှက်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)