ထားဝယ် ဩဂုတ် ၂၇
လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီးလူအများရှေ့ စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတ များနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Edu Park ကိုယ်ပိုင်အထက်တန်း ကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ Edu Park ကိုယ်ပိုင် အထက်တန်းကျောင်း၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်မှာပါသည့် လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သော နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုတဲ့အချက်အတိုင်း အနာဂတ်မှာတိုင်းပြည်ကို ဦးဆောင်မယ့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန် ပြည့်ဝစေရန်၊ အသိပညာပိုမို တိုးတက်လာစေရန်နှင့် အခြားသူများကိုလည်း ဗဟုသုတများမျှဝေတတ်စေရန်၊ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များအချင်းချင်း အသိပညာများဖလှယ်နိုင်စေရန်၊ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှုများရှိလာပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ယခုလိုစကားဝိုင်းများကျင်းပရခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ထားရှိသည့် ရည်မှန်းချက်အတိုင်း ပန်းတိုင်ကိုလှမ်းနိုင်ရန် ဘဝမှာအောင်မြင်ပြီး တိုင်းပြည်က အားကိုးအားထားပြုရသော လူငယ်များဖြစ်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်က လူငယ်များအချင်းချင်း အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများမျှဝေပေးရန်၊ အနာဂတ် လူ့ဘောင်အဖွဲ့ အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်ရန်နှင့် လူငယ်များကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်၊ လူငယ်များအား နှုတ်မှုစွမ်းရည် တိုးတက်လာစေရန်၊ ကျန်းမာကြံ့ခိုင်သောလူငယ်များဖြစ်လာစေရန်၊ စာဖတ်စွမ်းရည်တိုးတက် လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ်ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် Edu Park ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများဖြစ်ကြသည့် Grade-9 ကျောင်းသူ မဆုမြတ်မောင်လေးက လူငယ်နှင့်လူမှုမီဒီယာ၊ Grade-9 ကျောင်းသားမောင်ခေတ်မင်းလူက လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-၁၀ ကျောင်းသား မလွင်လွင်ဌေးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade-9 ကျောင်းသားမောင်အောင်ဇွဲမာန်က လူငယ်နှင့်အားကစား၊ Grade-၁၁ ကျောင်းသူ မခင်ပြည့်စုံစိုးက လူငယ်နှင့်စာဖတ်ခြင်း၊ Grade-၁၂ ကျောင်းသူ မောင်ဟိန်းမျိုးမြတ်ဦးတို့က လူငယ်နှင့်စာရိတ္တစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသော ကျောင်းသား/သူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးပြီး Edu Park ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးမင်းလှက ကျေးဇူးတင်စကားပြောကြားကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက ဆွေးနွေးပြောကြားသော ကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းပေးအပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်ပြပွဲများအား ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)