စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများမှ ကလေးမြို့နယ်ကျေးရွာများသို့ ကွင်းဆင်း၍ တောင်သူများနှင့်တွေ့ဆုံ

ကလေး ဩဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ဩဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ကလေးမြို့နယ် အင်ဒိုင်း‌လေးကျေးရွာနှင့် အင်ဒိုင်းကြီးကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု၍ တောင်သူများနှင့်တွေ့ဆုံကာ မိုးသီးနှံစိုက်ပျိုးဧကများ လျာထားချက်ပြည့်မီကျော်လွန်ရေး၊ သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် စိုက်ပျိုးရေအားစနစ်တကျသုံးစွဲရေး လမ်းညွှန်မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့် ကလေးခရိုင် စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအောင်တို့မှ ကလေးခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှလိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများအား သဘာဝပိုးသတ်ဆေးနှင့် ရွက်ဖျန်းမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)