နတ်တလင်း ဩဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နတ်တလင်းခရိုင်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ထိန်းသိမ်းနိုင်ရေး အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နတ်တလင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က အဖွင့်အမှာစကား ပြောကြားရာ ကုန်စျေးနှုန်း တည်ငြိမ်ရေး နှင့်ပတ်သက်၍ လက်ရှိရှိနေသည့် စျေးနှုန်းများထပ် မတိုးစေရေးကို အဓိကထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ တာဝန်ရှိဌာနများ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်းတို့ ဆွေးနွေးပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ဆန်စက်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးထင်ဇော်နိုင် ကဆွေးနွေးပြောကြားရာ ဆန်သည်အရေးကြီးကုန်စည်ဖြစ်ပါကြောင်း၊ ရည်ညွှန်းစျေးဖြင့် ရောင်းချစေလိုကြောင်း၊ ဆန်စျေးနှုန်းတည်ငြိမ်အောင် ယခုလိုတာဝန်ရှိသူများနှင့် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်ကြီးများ ပေါင်းစပ် ဆောင်ရွက်ရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စပါးနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများထွက်ရှိလာမည်ဖြစ်ပြီး လည်ကောင်းဥပဒေထွက်ရှိလာတာနဲ့ စပါးသိုလောင်ရုံများ၊ ဆန်စက်များအား လိုက်လံစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ဆန်ကုန်သည်များအနေဖြင့် ပြည်သူများအတွက် ၁၀ အိတ် သို့တည်းမဟုတ် ၂၀ အိတ်စသည်တို့အား ရည်ညွှန်စျေးနှုန်းဖြင့် ရောင်းချပေးစေလိုကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်ကြီးများက မြို့နယ်အလိုက် လက်ရှိဆောင်ရွက်နေကြရသည့် လုပ်ငန်းအခြေအနေတို့အား တင်ပြဆွေးနွေး ပြောကြားချက်များနှင့် ပတ်သက်၍ လိုအပ်ချက်ရှိသည်များအား တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ နတ်တလင်းခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မင်းနိုင်စိုးနှင့်အဖွဲ့ဝင်များ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးအောင်သိန်း၊ နတ်တလင်း ခရိုင်အတွင်း (၄)မြို့နယ်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ စုစုပေါင်းအင်အား (၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)