လွိုင်ကော် ဩဂုတ် ၂၇
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်၏မြို့တော်ဖြစ်သော လွိုင်ကော်မြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ ဘက်ပေါင်းစုံဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်နယ် အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် ပြည်နယ်လမ်းဦးစီးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့မှဆောင်ရွက်နေသည့် လွိုင်ကော်မြို့တွင်း လမ်းများ၏ လမ်းအရည်အသွေးဆိုင်ရာလုပ်ငန်းစဉ်များ ပြည့်စုံမှန်ကန် ကိုက်ညီမှုရှိစေရေးနှင့် လမ်းအဆင့်မြှင့်တင်ရေးတို့အတွက် အဆင့်မြင့်ကတ္တရာ ကွန်ကရစ်လမ်း ခင်းကျင်းနေမှုများ ၊ လွိုင်ကော်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး ၊ မြို့တွင်းရေစီး ရေလာကောင်းမွန်စေရေးတို့အတွက် ကျောက်စီရေမြောင်းအဖုံးပါ ရေနုတ်မြောင်းနှင့် အမြှင့်တင်ရေစင် ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ရွာများသန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန် စေရေးအတွက် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက် ၊ သုခလမ်းရှိ ကျောက်စီရေမြောင်းအဖုံးပါ ရေနုတ်မြောင်းများ အဆင့်မြှင့်ဆောင်ရွက်နေမှုများ ၊ ပြည်သူများ ရာသီမရွေးသောက်သုံးရေ ဖူလုံလောက်ငှစွာရရှိ သုံးစွဲနိုင်ရေးအတွက် ဒေါတမရပ်ကွက်ရှိ ဂါလံ(၁၂၀၀၀)ဆံ့ အမြှင့်တင်ရေစင် ဆောက်လုပ်နေမှုများနှင့် ဒေါတမရေ လှောင်ကန်ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆောင်ရွက်မှုလုပ်ငန်းများ စနစ်တကျဖြစ်စေရေး ၊ ကာလရှည်အသုံးပြုနိုင်ရေးအတွက် မျှော်မှန်းပြီး စနစ်တကျ ဆောင်ရွက်နိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြည်နယ်တွင်း ကျေးရွာ ပေါင်း (၂၇) ရွာအားအကျိုးပြုမည့် ပြည်နယ်လမ်းဦးစီးမှဆောင်ရွက်နေသော လွိုင်ကော် - လောပိတလမ်းမကြီး၌ (၁၂) မိုင် (၂) ဖာလုံရှိ အဆင့်မြင့်ကတ္တရာကွန်ကရစ်လမ်း ဆောင်ရွက်နေမှုနှင့် ဆက်စပ်လုပ်ငန်းဖြစ်သော လမ်းပုခုံးခင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်သူများပိုမိုအဆင်ပြေချောမွေ့စွာ ယာဉ်အသုံးပြုသွားလာနိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)