တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပြီးမြောက်ကြောင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ပြုလုပ်သည့် တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားများကို တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင် ခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ “တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးအတွက် စုစည်းမှုအားကောင်းကောင်းဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေး၊ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေး၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး၊ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲများပြုလုပ်နိုင်ရေး၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသား၊ ဆရာ၊ မိဘနှင့်အုပ်ချုပ်ရေးအဖွဲ့များ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီးနောက် တိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပြန်လည်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  မွန်းလွဲပိုင်းတွင် ပုသိမ်ပညာရေး ဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ပြုလုပ်သည့် တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲသို့ တက်ရောက်၍ “တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများ အနေဖြင့် ဆွေးနွေးပွဲပြီးဆုံး၍ မိမိတို့တာဝန်ကျရာဒေသ အသီးသီးသို့ ပြန်လည်တာဝန် ထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း၊ ဆွေးပွဲကာလသည် ရက်တိုတောင်းသော်လည်း ဆရာ၊ ဆရာမများအတွက် အကျိုးရှိသည့်ဆွေးနွေးပွဲ ဖြစ်ပါကြောင်းနှင့် လိုအပ်သည့် သင်ကြားဆွေးနွေးမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံးဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက် စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ကျောင်းအလိုက် လိုအပ်သည်များကိုလည်း တင်ပြဆောင်ရွက်ရန်လည်းလိုပါကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်ပေါ်လာစေရေးအတွက် လူငယ်များ၏ အခန်းကဏ္ဍများကို မြှင့်တင်ပေးလျက်ရှိရာ ဆရာ၊ဆရာမများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊  ဆွေးနွေးပွဲမှရရှိလာသည့် အတွေ့အကြုံများအား ပြန်လည်သင်ကြားပေးခြင်း မျှဝေပေးခြင်းများဖြင့် သင်ကြားမှု၊ သင်ယူမှုများပိုမိုထိရောက်စေရေးဆောင်ရွက်ရန်၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းရေး၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားစေရေးအတွက် ဆရာ၊ ဆရာမများက ကြိုးပမ်းဆောင်ရွက်ပေးကြရန်” အမှာစကားများပြောကြားပြီး ပုသိမ်၊ ကျုံပျော်၊ ဟင်္သာတ၊ မြန်အောင် ခရိုင်တို့မှ တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည်  ပိုးကရင်တိုင်းရင်းသား၊ (၄)နှစ်သင်ပညာရေး ဒီဂရီကောလိပ် ကျောင်းသား၊ကျောင်းသူများ၊ ရခိုင်တိုင်းရင်းသား၊ စကောကရင်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသား၊ ချင်းတိုင်းရင်းသားတို့၏ ရိုးရားတေးသီချင်းများဖြင့် သီဆိုကပြမှုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား/သင်တန်းသူဆရာ၊ ဆရာမများနှင့်အတူ ခင်မင်ရင်းနှီးစွာ နေ့လည်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။

လှမင်းထွဋ်(ပြန်/ဆက်)