ဒေးဒရဲမြို့၌ မိုးစပါး ရေတော်မိုးတော် ထွန်တုံးပိတ်ပွဲ အခမ်းအနားကျင်းပ

ဒေးဒရဲ သြဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ခုနှစ် မိုးစပါးလျာထားဧက အပြည့်အဝ စိုက်ပျိုး ပြီစီးခြင်းအဖြစ် မိုးစပါး ရေတော်မိုးတော် ထွန်တုံးပိတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက ချောင်းဖျား ကျေးရွာအုပ်စု၊ တောင်သူ ဦးဝင်းမြင့်အောင်၏ လယ်မြေ(၁၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဖျာပုံခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး မွန်မြတ်သူစိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ စိုက်ပျိုးရေးကျောင်းသား၊ကျောင်းသူများက ချောင်းဖျားကျေးရွာ၊ တောင်သူဦးဝင်းမြင့်အောင်၏ ကွင်းအမှတ် (၂၅၂)၊ ဦးပိုင်အမှတ် (၈ခ/၁)ရှိ လယ်မြေ (၁၀)ဧကတွင် ကျင်းပပြုလုပ်သည့် မိုးစပါး ရေတော်မိုးတော်ထွန်တုံးပိတ်ပွဲ အခမ်းအနားကို တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် မိုးစပါး (၁၇၄၉၃၀) ဧက စိုက်ပျိုးပြီးစီးကြောင်း သိရပြီး ဒေသခံ တောင်သူများ စပါးအထွက်နှုန်း တိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ တစ်ဧက စပါး(၁၀)နှုန်း တိုးထွက်ရေးအတွက် ကျေးရွာများအရောက် အသိပညာပေးဟောပြောခြင်း၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စိုက်ကွင်းများအရောက် ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

အေဇာလင်း