ကျိုက်လတ် သြဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယမန်နေ့နေ့လယ်ပိုင်းက ကျိုက်လတ်-မော်လမြိုင်ကျွန်း ဆက်သွယ်ထားသည့် အောင်တံခွန်တံတားအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် ဖျာပုံခရိုင် ကျေးလက်လမ်းဦးစီးမှူး၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းအောင်၊ မြို့နယ်ကျေးလက်လမ်းဦးစီးမှူး၊ လမ်းဦးစီးမှူးနှင့် ဖောင်ရိုးချောင်း အုပ်ချုပ်ရေးမှူးတို့သည် အောင်တံခွန်တံတားသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ကျောင်းသားသူများသွားလာနိုင်ရေး မော်လမြိုင်ကျွန်းမြို့နယ် တံခွန်တိုင်ကျူံဝါ အုပ်ချုပ်ရေးမှူးနှင့် ကျိုက်လတ်မြို့နယ် ဖောင်ရိုးချောင်းအုပ်ချုပ်ရေးမှူးတို့အား နှစ်ဘက်ညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါ တံတားမှာ မော်လမြိုင်ကျွန်းမြို့နယ် တံခွန်တိုင်ကျုံဝါး ကျေးရွာအုပ်စုနှင့် ကျိုက်လတ်မြို့နယ် ဖောင်ရိုးချောင်းကျေးရွာအုပ်စု ဖောင်ရိုးချောင်းကျေးရွာတို့ကြား ဆက်သွယ်ထားသည့် ဧရာဝတီမြစ်လက်တက်ကွဲပေါ်တွင် ၂၀၁၅ ခုနှစ်က ရန်ကုန်မြို့နေ ဦးသိန်းလွင်+ဒေါ်မေရည်ဝင်း မိသားစုတို့မှ မတည်၍ အများပြည်သူထည့်ဝင်လှူဒါန်းငွေများဖြင့် အရှည်ပေ ၃၀၀ ပေ အကျယ် ၁၂ပေရှိ သံကူကွန်ဂရစ်တံတားဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင်ပြီးစီးခဲ့၍ အနီးပတ်ဝန်းကျင်ကျေးရွာပေါင်း ၅၀ ကျော်မှ မအူပင်+မော်ကျွန်း ကားလမ်းမကြီးသို့ ကုန်သွယ်မှုများ ကူးလူးဆက်ဆံသွားလာလျက်ရှိရာမှ ၂၀၂၀ ခုနှစ်၌ မော်တော်ယာဉ် သွားလာမှုများသောကြောင့် တံတား၏ရေလယ်တိုင်မှာ အနည်းငယ်နိမ့်ကျလျက်ရှိရာ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက် ညနေပိုင်းကရေစီးနှင့် မျောပါလာသော ဝါးဒိုက်များ၏အရှိန်ကြောင့် ကျိုက်လတ် မြို့နယ်ဘက်အခြမ်း ချဥ်းကပ်တိုင် ရေတိုက်စားမှုကြောင့် နိမ့်ကျခဲ့ပြီးသွားလာရန် အန္တရာယ်ရှိသည့်အတွက် တံတားပေါ်မှ ဖြတ်သန်းသွားလာခြင်းကို ပိတ်ထားလျက်ရှိကြောင်း သိရသည်။ ယခုအခါ ဖောင်ရိုးချောင်းကျေးရွာအုပ်စုမှ ပြည်သူများစုပေါင်း၍ ဝါးဒိုက်များအား ရှင်းလင်းဆောင်ရွက်နေပြီး ကျောင်းသား၊ကျောင်းသူများ သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရီရီမြင့်