ယင်းမာပင် ဩဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ ၊ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဒုတိယလက်ထောက်ပညာရေးမှူး ဦးဝင်းဗိုလ်က အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ဇော်ဝင်းက ယာဥ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အသိပညာဗဟုသုတများကို ကျယ်ကျယ်ပြန့်ပြန့် ဟောပြောခဲ့သည်။
ဆက်လက်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်အေးက ကျောင်းသား/သူများအနေဖြင့် စာဖတ်သည့် အလေ့အထများ စွဲမြဲစေရန်၊ ကျောင်းစာသာမက ပြင်ပဗဟုသုတစာပေများကိုပါ လေ့လာဖတ်ရှုမှသာ လူကောင်းလူတော်လေးများဖြစ်လာနိုင်ကြောင်း စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူများ စာပေကို လက်လှမ်းမီစွာ ဖတ်ရှုနိုင်ရန်အတွက် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြပြီး ပြန်/ဆက်ဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)