ခမောက်ကြီး ဩဂုတ် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန နှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၁၀)နာရီခန့်က ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာများ၊ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်မှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအသိပညာများ တိုးတက်လာစေရန်၊ ပရိသတ်အရှေ့ တွင်ရဲဝံ့စွာပြောဆိုသည့် အလေ့အထများရှိလာစေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာ ဖလှယ်တတ် ကြစေရန်၊ တစ်ဦးနဲ့တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှား၊အမှန်ခွဲခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင် ဉာဏ်တိုးတက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း အမှာစကားပြောခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စတင်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက Moderators အဖြစ်ပြုလုပ်ခဲ့ပြီး ဒွါဒသမတန်းမှ မောင်ညီညီဆင့်က လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဧကဒသမတန်းမှ မသွယ်သွယ်မြင့်ကျော်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒသမတန်းမှမခိုင်ဖူးဝေက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
ယင်းနောက် လူငယ်စကားဝိုင်းအခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊သူများက ဆွေးနွေးခဲ့ကြသော အကြောင်းအရာများနှင့် ပတ်သက်၍ သိလိုသည်များအား မေးမြန်းခဲ့ကြရာ စကားဝိုင်းဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)