သာယာဝတီမြို့တွင် မြစ်မခမြစ် ကမ်းပြိုကျနေမှုကြောင့် ကြိုတင်ဖျက်သိမ်း နေအိမ်များအား ထောက်ပံ့ငွေနှင့်ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

သာယာဝတီ သြဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သြဂုတ်လ ၂၄ ရက်နေ့က စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် မြစ်မခမြစ် ကမ်းပြိုကျနေမှုကြောင့် ကြိုတင်ဖျက်သိမ်းနေအိမ်များအတွက် ယမန်နေ့နံနက်ပိုင်းက ဆန်ရိက္ခာများ ပေးအပ်ခဲ့သည်။

ယင်းသို့ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များက မြစ်မခမြစ်ကမ်းပြိုကျနေမှုကြောင့်  စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာမှ ကြိုတင်ဖျက်သိမ်းနေအိမ် (၉)လုံး၊ သြဂုတ်လ ၂၅ ရက်နေ့က ထပ်မံဖျက်သိမ်းသော နေအိမ် ၂လုံး၊ စုစုပေါင်း နေအိမ် ၁၁ လုံးအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်အိတ်နှုန်းဖြင့် ဆန်အိတ် ၁၁ အိတ်အား သွားရောက်ထောက်ပံ့ခဲ့သည်။

အလားတူ သြဂုတ်လ ၂၅ ရက်နေ့က မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများက မြစ်မခမြစ်ခ ကမ်းပြိုကျနေမှုကြောင့်  စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာမှ သြဂုတ် ၂၄ ရက်နေ့က ကြိုတင်ဖျက်သိမ်းနေအိမ် (၉)လုံးအတွက် ပြောင်းရွှေ့စရိတ်(၉)သိန်းကျပ် ၊ လူဦးရေ (၃၅)ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေ (၇၃၅၀၀)ကျပ်၊ စုစုပေါင်း(၉၇၃၅၀၀) ကျပ်တို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)