ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိုးနေကြာ စိုက်ပျိုးခြင်း၊ မျိုးစေ့ထုတ်စိုက်ခင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကြံခင်း ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ မိုးနေကြာစိုက်ပျိုးခြင်း၊ မျိုးစေ့ထုတ်စိုက်ခင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင်  ပေါက်နွယ်စမ်းအုပ်စု၊ မဲဇလီစမ်းကျေးရွာရှိ ကွင်းအမှတ်(၁၁၇)၊ တောင်သူဦးခင်ရွှေ၏ယာမြေ(၂)ဧကတွင် မိုးနေကြာ စိုက်ပျိုးခြင်းအား ကြည့်ရှုပြီး အထွက်နှုန်း တိုးတက်ရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးအား မှာကြားခဲ့ပြီး၊  ဘက်ရဲမြို့ရှိ ကွင်းအမှတ်(၅၉)၊ တောင်သူ(၂၈)ဦး၏ စံပြစိုက်ကွက်ဧက(၁၀၀)  ၊တင်း(၁၀၀)ထွက်ရှိရေး မျိုးစေ့ထုတ်စိုက်ခင်းအား ကြည့်ရှုကာလိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်ပြီး ကြံခင်းမြို့နယ် ကြို့ပင်စုရွာ(အ.မ.က) စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု၊  ဘက်ရဲမြို့တွင်  (အ.ထ.က) ဘက်ရဲကျောင်းစာကြည့်တိုက် ဆောက်လုပ်ပြီးစီးမှုနှင့် ဘက်ရဲတိုက်နယ်ဆေးရုံဝန်ထမ်းအိမ်ယာ(RC)အမျိုးအစားဖြစ်သော (၆၆'×၂၄')၊ (၂)ခန်းတွဲတစ်ထပ်နှင့် (၈၄'×၂၃')၊ (၄)ခန်းတွဲ တစ်ထပ်အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုများအား သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများဖြင့် တွေ့ဆုံကာ လိုအပ်ချက်များမရှိစေရေး  ကြည့်ရှုစစ်ဆေးမှာကြားခဲ့သည်။

ယင်းနောက် ရှောက်ခုံကျေးရွာအုပ်စု၊ မြင်သာကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေး ဦးစီးဌာနမှ (VDP)စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ ကြံခင်းမြို့နယ် မီးသတ်စခန်း(RC)နှစ်ထပ် အမျိုးအစား ဆောက်လုပ်နေသော (OHMAR Ayar Co.Ltd) ကုမ္ပဏီမှ တာဝန်ရှိသူဖြင့် တွေ့ဆုံကာ အရည်အသွေး ပြည့်မှီစေရေးနှင့် အချိန်မှီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားပြီးနောက်  ကြံခင်းမြို့နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းခြင်းနှင့် မြစ်ရေမြင့်တက်လာခြင်းကြောင့် တလိုင်းကွင်းကျေးရွာအုပ်စု၊ အောင်မြင်ကိုင်းကျေးရွာ(အ.မ.က) ကျောင်းခြံဝန်းအတွင်း ရေဝင်ရောက်မှုအား ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)