ရေနံချောင်း ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းကာ ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာရှိစေရန်နှင့် ပြင်ပဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဩဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (တွင်းကုန်း)တွင် ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇင်ဦးက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်လင်းက ယခုကာလမိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ဆောင်ရန်ရှောင်ရန်အချက်များကိုလည်းကောင်း၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီးစိုးမင်းထွေးက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဒုတိယဦးစီးမှူးဒေါ်ငြိမ်းငြိမ်းအိက စာဖတ်ခြင်း၏ အကျိုးကျေးဇူး များကိုလည်းကောင်း၊ ဒုမြို့နယ်ဥပဒေအရာရှိ ဦးဟိန်းစိုးထွန်းက ကလေးသူငယ်အကြမ်းဖက်မှုပပျောက်ရေးနှင့် ကျောင်းတွင်းစည်းလုံးစွာ ပညာသင်ကြားနိုင်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန်က မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့်ပတ်သက်၍လည်းကောင်း အသီးသီးအသိပညာပေးဟောပြောကြပြီး တက်ရောက်လာသူများအား သွေးလွန်တုတ်ကွေးရောဂါ အသိပညာပေးလက်ကမ်းစာစောင်(၃၀၀)ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှသူများ၊ အ.ထ.က(တွင်းကုန်း) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်