ချောင်းဦး သြဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ရှိ ဘူတာကျေးရွာ ကွင်းအမှတ် ၁၉၉၉ တောင်သူ ဒေါ်ငြိမ်း၏လယ်၌ ယနေ့နံနက်ပိုင်းက မိုးစပါး SRIစနစ် ပျိုးသက်နု ကောက်ကွက်ကြဲစနစ်(သို့) စပါးအစွမ်းဖွင့် စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးခြင်း ကွင်းပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
SRI စိုက်ပျိုးနည်းအကြောင်း ဆွေးနွေးရာတွင် ပျိုးသက်၁၂ရက်သားဖြစ်ပြီး တန်းကြား ၁၀လက်မ၊ ပင်ကြား ၁၀လက်မ စိုက်ပျိုး၍ ၁၂တန်း ၁တန်းလှပ် စိုက်ပျိုးမှာဖြစ်ကြောင်း၊ စိုက်ခင်း သမန်းပြင်ပေါ်တွင် လက်ဆ ၁ပင် ၂ပင်သာ စိုက်ပျိုးမည်ဖြစ်ကြောင်းစသည့် စိုက်ပျိုးနည်းများအား လက်တွေ့စိုက်ပျိုး၍ အသေးစိတ်ဆွေးနွေးပြီး လာရောက်လေ့လာသည့် တောင်သူများမှ သိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ မျိုးစေ့နှုန်းထားသက်သာစေရန်၊ ရေလိုအပ်ချက် လျော့ချသုံးစွဲနိုင်ရန်၊ အိမ်တွင်ပျိုးထောင်ပြီး အလွယ်တကူ သယ်ယူစိုက်ပျိုးနိုင်ရန်၊ ပျိုးနှုတ်စရိတ် သက်သာစေရန်၊ စပါးအထွက်နှုန်း တိုးစေရန် ရည်ရွယ်ပြီး လက်တွေ့ပျိုးထောင် ပြသရခြင်းဖြစ်ကြောင်း၊ SRI စနစ်ဖြင့် စိုက်ပျိုးသည့်အတွက် မျိုးစေ့ဖိုး တဧက နို့ဆီဘူး ၁၀ဘူးခန့်သာ သုံးစွဲရသည့်အတွက် မျိုးစေ့ဖိုးစရိတ် သက်သာခြင်း၊ ပျိုးသက် ၁၀ရက်မှ ၁၅ရက်သားတွင် ပြောင်းရွေ့စိုက်ပျိုးနိုင်ခြင်း၊ ပျိုးပင်များကို အလွယ်တကူ သယ်ယူစိုက်ပျိုးနိုင်ပြီး ပျိုးနှုတ်ခ သက်သာခြင်း၊ ရေသွင်းရေခမ်းစနစ်ကို ကျင့်သုံးရသဖြင့် စိုက်ပျိုးရေ ချွေတာ သုံးစွဲနိုင်ခြင်း၊ အပင်ပွါးအားကောင်းပြီး အပင်ယိုင်လဲမှုဒဏ်ခံနိုင်ခြင်း၊ ပိုးမွှားရောဂါ ကျရောက်မှု လျော့နည်းခြင်း၊ အစေ့အလေးချိန်တိုးပြီး စပါးအထွက်ကောင်းခြင်းစသည့် အကျိုးကျေးဇူးများ ရမှာဖြစ်ကြောင်း ဆွေးနွေးရှင်းပြခဲ့သည်။
ထို့နောက် တောင်သူများအား ဇီမာမြေသြဇာများ ပေးအပ်၍ ကောက်စိုက်လုံမေများအား စားသောက်ဖွယ်ရာများ ပေးဝေပြီး စိုက်နည်းစနစ် မှန်ကန်ရေးအတွက် ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)