မြဝတီ ဩဂုတ် ၂၇
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသအတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နွားမျိုးကောင်း။ မျိုးသန့်များ ပြန့်ပွားစေရေးအတွက် နွားမေထုန်မဲ့ သားစပ်သင်တန်းကို ဩဂုတ်၂၅ ရက်က ဝှေ့ရှမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းတွင် မြဝတီခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတင့်လွင်က မြို့နယ်အတွင်း မွေးမြူထားသည့် နွားများမှ အရည်အသွေးပြည့်မီသည့် မျိုးကောင်း၊ မျိုးသန့်နွားများ ဖြစ်လာစေရန် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍကို အခြေခံ၍ လူမှုစီးပွားဘဝမြှင့်မားတိုးတက်လာစေရန်နှင့် ဒေသတွင်း နွားမွေးမြူရေးလုပ်ငန်းများကို အထောက်အကူ ဖြစ်စေရန်အတွက် ဒေသနွားမျိုးများကို ပြန်လည်မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားပေး သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါက်တာမင်းဝင်းအောင်က မေထုန်မဲ့သားစပ်ခြင်း အကျိုးကျေးဇူးများနှင့် သင်တန်းတွင် ပို့ချပေးမည့် သင်ခန်းစာနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပေးပြီးနောက် ဝှေ့ရှမ်း ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးသည်။
အဆိုပါ သင်တန်းကို ဝှေ့ရှမ်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ သင်တန်းသား၊ သင်တန်းသူ ၁၉ ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလကို ဩဂုတ်၂၅ရက်မှ ၂၇ ရက်ထိ နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ၃ ရက် စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)