ငဖဲမြို့နယ်၌ နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် MSME လုပ်ငန်းနှစ်ခုကို ငွေကျပ်သိန်း ၆၀၀ ထုတ်ချေးပေးထား

မင်းဘူး ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ဒေသတွင်း အသေးစား၊ အလတ်စားနှင့် အကြီးစား စီးပွားရေး လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေဖြင့် MSME လုပ်ငန်းနှစ်ခုကို ငွေကျပ်သိန်း ၆၀၀ ထုတ်ချေးပေးထားကြောင်း မင်းဘူးခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီထံမှ သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် ငဖဲမြို့ကျောင်းတွင်းရပ်ကွက်ရှိ MSME လုပ်ငန်းရှင် ဒေါ်ဝေဝေနှင်း၏ နတ်ရေကန် တောင်ဖော်ဒေသထွက် ကော်ဖီနှင့်လက်ဖက်ခြောက်လုပ်ငန်းနှင့် အသေးစားစက်မှုလုပ်ငန်းရှင် ဦးကျော်လှိုင်ထူး၏ ပရိဘောဂလုပ်ငန်းတို့ကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေကျပ်သိန်း ၃၀၀ နှုန်းဖြင့် စုစုပေါင်းချေးငွေ ကျပ်သိန်း ၆၀၀ ကို ထုတ်ချေးပေးထားကြောင်း၊ အဆိုပါချေးငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ မြေပြင်တွင် အမှန်တစ်ကယ် လည်ပတ်ဆောင်ရွက်နေမှု ရှိ/မရှိနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုများကို ခရိုင်စစ်ဆေးရေးအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့က သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း မင်းဘူးခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

နတ်ရေကန် တောင်ဖော်ဒေသထွက် ကော်ဖီနှင့်လက်ဖက်ခြောက်လုပ်ငန်းကို ငဖဲမြို့နယ် တောင်ပေါ်ဒေသတွင် ကိုယ်ပိုင်ခြံဖြင့်စိုက်ပျိုးပြီး ကော်ဖီစေ့စစ်စစ်ဖြင့် ကော်ဖီစေ့၊ ကော်ဖီမှုန့်အရသာ အမျိုးမျိုးနှင့် လက်ဖက်ခြောက်များကို ဓါတုဆိုးဆေး လုံးဝ(လုံးဝ) သုံးစွဲခြင်းမရှိဘဲ ကိုယ်ပိုင်လုပ်ငန်းဖြင့် မှတ်ပုံတင်၍ ဈေးနှုန်းချိုသာစွာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း၊ ဆန်းသစ်သော ထုတ်ပိုးမှုဒီဇိုင်းပုံစံအမျိုးမျိုးဖြင့် မြန်မာပြည်အနှံ့ ဖြန့်ဖြူးရောင်းချနိုင်ရန်နှင့် ထုတ်ပိုးရေးပစ္စည်းများကို ကြိုတင်ဝယ်ယူစုဆောင်းထားရှိနိုင်ရန်အတွက် ယခုလို အတိုးနှုန်းသက်သာသည့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေကိုထုတ်ချေးပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း MSME လုပ်ငန်းရှင် ဒေါ်ဝေဝေနှင်းက ရှင်းပြသည်။

အဆိုပါ လုပ်ငန်းရှင်နှစ်ဦးအား နိုင်ငံ့စီးပွာမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဦးလျှင် ချေးငွေ ကျပ်သန်း ၃၀ နှုန်းဖြင့် စုစုပေါင်း ချေးငွေ ကျပ်သန်း ၆၀ (ငွေကျပ် သိန်း ၆၀၀ တိတိ)ကို သက်သာသော အတိုးနှုန်းထားဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ချေးပေးခဲ့ကြောင်း၊ ချေးငွေကို ၆ လ တစ်ကြိမ် သတ်မှတ်ထားသော အတိုးနှင့်အရင်းအား ပြန်လည်ပေးဆပ် ရမည်ဖြစ်ကာ ချေးငွေကာလကို တစ်နှစ် သတ်မှတ်ပေးထားကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)