စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့တွင်းရှိ ကတ္တရာလမ်း ၅ လမ်းနှင့် ကွန်ကရစ်တံတား ၂ စင်း ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မုံရွာ သြဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်လမ်း၊ ပိတောက်မြိုင်လမ်း၊ စံပယ်ဖြူလမ်း၊ မိုက်ကယ်လမ်း၊ ရွှေတောင်ကြားလမ်းနှင့် ဥပုသ်ချောင်းတံတား၊ ပိတောက်မြိုင် ကတ္တရာလမ်းများ ဖွင့်ပွဲအခမ်းအနား သြဂုတ်လ ၂၅ ရက်၊ မွန်းလွဲပိုင်း တွင်ကလေးမြို့၊ ချမ်းမြေ့ အောင်စည်ရပ်ကွက်ရှိ အဆိုပါလမ်းဖွင့်ပွဲမုဒ်ဦးရှေ့တွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကလေးတပ်နယ်မှ ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့် ရပ်ကွက်နေသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်နှင့် တိုင်းဒေသကြီးအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့တွင်းများရှိလမ်းများအား ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် လာသည်နှင့်အမျှ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊လူမှုရေးအခန်းကဏ္ဍများလည်း တဆက်တည်း ပိုမိုကောင်းမွန် လာမှာဖြစ်၍ လမ်းများဖွံ့ဖြိုးတိုးတက်မှသာ မြို့ဖွံဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ ရပ်ကွက်နေပြည်သူများ အနေဖြင့်လည်း မိမိတို့မြို့ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားကြရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကလေးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်နီနီခိုင်က ကလေးမြို့၊ ချမ်းမြေ့အောင်စည်လမ်း၊ ပိတောက်မြိုင်လမ်း၊ စံပယ်ဖြူလမ်း၊ မိုက်ကယ်လမ်း၊ ရွှေတောင်ကြားလမ်းနှင့် ဥပုသ်ချောင်းတံတား၊ ပိတောက်မြိုင် ကတ္တရာလမ်းများနှင့် ပတ်သက်သည့် အချက်အလက်များအား  ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကလေးတပ်နယ်မှ ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းတို့က ကတ္တရာလမ်းများအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကတ္တရာလမ်းအား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွန်ကရစ်လမ်းများသည် အရှည် - ၆၆၅၀ ပေ၊ အကျယ် - ၁၄ ပေ၊ ထု ၁၁ လက်မရှိကာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။ 

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ အင်ဒိုင်းလေးကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးအား သွားရောက်ကြည့်ရှုရာ ကလေးခရိုင်၊ ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကုန်ထုတ်လမ်းဖောက်လုပ်နေမှု လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အင်ဒိုင်းလေးကျေးရွာ၊ ကုန်ထုတ်လမ်းသည် ဒေသခံတောင်သူများ၏ လယ်ယာဧက ၈၀၀ အား အကျိုးပြုမည့် လမ်းအရှည်- ၂ မိုင်ကို အကျယ် - ၁၆ ပေ၊ ထု ၂ ပေ၊ ၉ လက်မ ကျောက်ရောမြေခင်းသည့် ကုန်ထုတ်လမ်းဖြစ်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အင်ဒိုင်းကြီး ရေနုတ်မြောင်းတူးဖော်ပြီးစီးမှုအား သွားရောက်ကြည့်ရှုကြရာ ကလေးမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေးခရိုင်အတွင်း ဆန်၊ ဆီ၊ ပဲဖူလုံမှုရှိပြီး နေကြာသီးနှံစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းသော ဒေသဖြစ်၍ One Village One Product အဖြစ် နေကြာစိုက်ပျိုးမှုအား ဒေသခံတောင်သူများအနေဖြင့် ဦးစားပေးစိုက်ပျိုးသွားကြရန်နှင့် ဆည်ရေသောက်စနစ်ကောင်းမွန်ရေးနှင့် စိုက်ပျိုးမြေများအား ရေလွှမ်းပျက်စီးမှုမရှိစေရေးအတွက် ရေနှုတ်မြောင်းများဆောင် ရွက်ပေးထားပြီးဖြစ်၍ စားရေရိက္ခာ ဖူလုံရေး၊ ကုန်ထုတ်လုပ်ငန်း တိုးတက်မြင့်မားရေးအတွက် မြေလွတ်မြေလပ်မထားဘဲ သီးထပ်သီးညှပ်စိုက်ပျိုးကာ စိုက်စွမ်းအားတိုးမြှင့်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများထံ ဓါတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အင်ဒိုင်းကြီး၊ သဖန်းပင်နှင့် ဖောင်ကူးရေနုတ်မြောင်း တူးဖော်ပြီးစီးမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ရေနုတ်မြောင်းသည် လယ်ယာဧက ၁၅၀၀ အား မိုးရာသီတွင်ရေလွှမ်းမိုးမှုနှင့် ရေကြီးနစ်မြုပ်မှုတို့မှ ကာကွယ်ပေးနိုင်သည့် ရေနှုတ်မြောင်းတစ်မြောင်းဖြစ်ပြီး စုစုပေါင်းမြောင်း အရှည် - ၁၆၂၀၀ ပေရှိကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်