တောင်ငူမြို့၊ အ.ထ.က (၂)၌ သက်ကြီးရွယ်အိုဥပဒေ အသိပညာပေးဟောပြောပွဲကျင်းပ

တောင်ငူ သြဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ဆရာကွန်းခန်းမ၌ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သက်ကြီးရွယ်အိုဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နီနီရွှေက  သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပါ သက်ကြီးရွယ်အိုများ၏အခွင့်အရေးများ၊ မိဘဘိုးဘွားများအား စရိတ်ထောက်ပံ့ခြင်း၊ ကြည့်ရှု စောင့်ရှောက်ခြင်းနှင့် သားသမီး၊ မြေးတို့၏တာဝန်များ၊ သက်ကြီးရွယ်များ၏ အခွင့်အရေးကိုပေးရမည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှ တာဝန်ရှိသူမည်သူမဆို သက်ကြီးရွယ်အိုတစ်ဦးဦးက သက်ကြီးရွယ်အိုသက်သေခံကတ်ပြားကို ပြသပြီး အခွင့်အရေးကို ခံစားခွင့်ပြုရန် တောင်းဆိုခြင်းကို ငြင်းပယ်ခြင်း သိုမဟုတ် လျစ်လျူရှုကြောင်း၊ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင်၊ သက်ကြီးရွယ်အိုများကို ခွဲခြားဆက်ဆံခြင်း သို့မဟုတ် မတရားပြုကျင့်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ကျခံရမည့်ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည်တို့ကို ဟောပြောဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ခရိုင်ဦးစီးမှူး ဒေါ်နီနီရွှေက ပြန်လည်ရှင်းလင်း ပြောကြားသည်။

အဆိုပါ ဟောပြောပွဲသို့ အ.ထ.က (၂)ကျောင်းမှ  အထက်တန်းအဆင့်ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)