လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

လှိုင်းဘွဲ သြဂုတ် ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲတွင် ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမင်းမျိုးမြင့်နိုင်က ကျောင်သား၊ ကျောင်းသူလူငယ်များအနေဖြင့် အနာဂတ်တွင် တိုင်းပြည်၏ တာဝန်များကို လက်ဆင့်ကမ်း ယူကြရမည့် လူငယ်၊လူရွယ်များဖြစ်ကြသည့်အတွက် ဉာဏ်ပညာမြှင့်မားပြီး ကျန်းမာသန်စွမ်းရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီးနောက် ဘားအံခရိုင် အားကစားမှူး ဦးမင်းသန့်ဇင်က အားကစား၏အဓိပ္ပာယ်၊ အားကစားအမျိုးအစား(၄)မျိုး၊ အားကစား၏ ထူးခြားသည့် ဝိသေသလက္ခဏာ (၅) ချက်နှင့် လေ့ကျင့်ခန်း၏ အဓိပ္ပါယ်အကြောင်းများကို ကျောင်းသားလူငယ်များအား ဆွေးနွေးရှင်းပြခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များ၊ လူမှောင်ခို၊  လူကုန်ကူးမှုအန္တရာယ်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းအရာများကို   ဟောပြောရှင်းပြပေးခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ကျောင်းသူ လူငယ်များအတွက် ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) နှင့် ဘားအံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး   ဦးသိန်းထိုက်တို့က အားကစားဆိုင်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝင်းသန်းက   လက်ခံရယူခဲ့သည်။

အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးထားသော မူးယစ်ဆေးဝါးများနှင့် လူမှောင်ခို၊ လူကုန်ကူးမှုအန္တရာယ်များအကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊  ကျောင်းသူလူငယ်လေးများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)