မုံရွာ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(အလုံ) ရွှေလုံခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(အလုံ) ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက "ကလေးအလုပ်သမား ပပျောက်ရေး လိုက်နာဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် ကလေးအလုပ်သမားဟူသည်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်လုပ်ချိန်၊ ကလေးသူငယ်များ၏ အခွင့်အရေးစသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ဝေသော ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဇေယျာရွှေမြေ လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူလေးများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)