မင်းဘူး ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များသည် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ငဖဲမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ အဖွဲ့သည် ငဖဲမြို့နယ် ရင့်ရှည်ကျေးရွာအုပ်စုသို့ ရောက်ရှိပြီး ကြေးပြင်ကွင်းရှိ တောင်သူဦးခင်မောင်ရွှေ၏ ရေစင်း(၁) စပ်မျိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်းအတွင်း အဖိုလိုင်း(၁)လိုင်း၊ အမလိုင်(၃)လိုင်း စိုက်ပျိုး နည်းစနစ်ဖြင့် (၁)ဧကစိုက်ပျိုးထားရှိမှု၊ ပန်းတိမ်းကျေးရွာအုပ်စု၊ သီပေါ်ရွာသစ်မှ တောင်သူ ဒေါ်သောင်းကြည်၏ ဝါသီးနှံ တိုးချဲ့စိုက်ပျိုးထားရှိမှုနှင့် တောင်သူ ဦးဝင်းဌေး၏ ချည်မျှင်ရှည်ဝါ စိုက်နည်းစနစ်ဖြင့် စမ်းသပ်စိုက်ပျိုး ထားရှိမှု၊ ပေါင်းကလေး ကျေးရွာအုပ်စု အောင်ပင်လယ်ကျေးရွာမှ တောင်သူ ဦးအောင်မောင်း၏ ဆီထွက်သီးနှံ မိုးနေကြာသီးသန့် စိုက်ပျိုးထားရှိမှု၊ ကျောင်းတွင်းရပ် တောင်သူ ဦးကျော်သီဟန်နှင့် ဦးစိုးကျော်သူတို့၏ မိုးစပါးမျိုးသန့်ပွား စံပြကွက် စိုက်ပျိုးထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ စိုက်ပျိုးစွမ်းအားမြှင့်တင်းရေး ဆောင်ရွက်ထားရှိမှုများကို လိုက်လံရှင်းလင်းတင်ပြခဲ့ပြီးနောက် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေ ရရှိရေး လက်တံမြောင်း ဆောင်ရွက်ပေးရန် တင်ပြမှုအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငဖဲမြို့နယ် မန်းချောင်းရေ လှောင်တမံသို့ သွားရောက်ပြီး ရေလှောင်တမံအတွင်း ဆည်ရေဝင်ရောက်မှုနှင့် စိုက်ပျိုးရေ ဖြန့်ဝေဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြမှုများအပေါ် တောင်သူများ စိုက်ပျိုးရေပြည့်ဝစွာ ရရှိရေးကို စနစ်တကျ ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့သည်။
ဆက်လက်ပြီး မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ မိမိတို့ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)