တောင်ငူမြို့၌ အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ငူ သြဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌  ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နီနီရွှေက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု (GBV) သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့မှု၊ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများပူးပေါင်းပါဝင်စေရေးနှင့် အမျိုးသမီး အခွင့်အရေးများအား ပိုမိုသိရှိစေရေး အသိပညာပေးဆောင်ရွက်နေမှုများ၊ တောင်ငူခရိုင်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့မှုများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့မှုများ၊ အမျိုးသမီးများအား တရားရင်ဆိုင်စရိတ်နှင့် အသက်ဝမ်းကြောင်းထောက်ပံ့ပေးခဲ့မှုများ၊ အိမ်တွင်းမှုသက်မွေး ပညာသင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုသင်တန်းများ ဖွင့်လှစ်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်အမျိုးသမီးရေးရာကော်မတီဝင်များက လုပ်ငန်း ဆောင်ရွက်ချက်များအား ဆွေးနွေးကြသည်။

အဆိုပါ တောင်ငူခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှေ့လုပ်ငန်းစဥ်အဖြစ် ကျား၊မရေးရာ (Gender)နှင့် ကျား၊မရေးရာအခြေပြု (GBV) ဆိုင်ရာ အသိပညာပေးအစီအစဥ်များ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် (GBV)အသိပညာပေး အစီအစဥ်များ၊ Talk Show နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေမည့်အစီအစဥ်များ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်ခြင်းနှင့် အိမ်တွင်းအကြမ်းဖက်မှုများနှင့်ပတ်သက်၍ ၂၄ နာရီ Help Line ဝန်ဆောင်မှု Bill Board များအား  တောင်ငူမြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်တို့တွင် စက်တင်ဘာလအတွင်း စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ကိုကို(ပြန်/ဆက်)