တိုင်းရင်းသားဘာသာစာပေသင်ကြားရေးအထောက်အကူပြု ဆရာ/ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုလုပ်ငန်းဆွေးနွေးပွဲ(၂/၂၀၂၃) တက်ရောက်ပြီးမြောက်ကြောင်း လက်မှတ်အပ်နှင်းပွဲအခမ်းအနားကျင်းပ

မကွေး   ဩဂုတ်  ၂၆

တိုင်းရင်းသားဘာသာစာပေသင်ကြားရေးအထောက်အကူပြု ဆရာ/ဆရာမများအတွက် ဆရာ အတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုလုပ်ငန်းဆွေးနွေးပွဲ(၂/၂၀၂၃) တက်ရောက်ပြီး မြောက်ကြောင်း လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မကွေးပညာရေး ဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးမြို့ရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကျောင်းအုပ်ကြီးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်နှင့် သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင်  မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းကို မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေ သင်ကြားပို့ချနေသည့် (Teaching Assistant-TA) ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့်လုပ်ငန်းဆွေးနွေးပွဲတွင် လေ့ကျင့်သင်ယူဆွေးနွေးခဲ့ကြသည့် ဆရာ/ဆရာမများအား လက်မှတ်ပေးအပ်နိုင်ရေးအတွက် အခမ်း အနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယနေ့(၂၁)ရာစု လူ့အဖွဲ့အစည်းအတွက် လူ့စွမ်းအားအရင်းအမြစ်များနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်အဖြစ် ပညာရေးကဏ္ဍသည် အထူးအရေးပါသော ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်လာသည်ကို တွေ့ရှိရပြီး ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းနိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တစ်မျိုးသားလုံး ပညာရည်မြင့်မားလာစေရန်၊ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများနှင့် သင်ရိုး မာတိကာများ ပေါ်ပေါက်လာစေရန် ပညာရေးကဏ္ဍစုံက အားသွန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း နိုင်ငံအတွက် တန်ဖိုးမြင့်မားသည့် လူသား အရင်းအမြစ်များ ပေါ်ထွန်းလာစေရန် အခြေခံပညာကဏ္ဍတွင် KG+12 စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသလို အရည်အသွေးရှိသော ဆရာ/ဆရာမများ ဖြည့်ဆည်းလေ့ကျင့်ပျိုးထောင်ရေးအတွက် ပညာရေး အရည်အသွေးမြင့်မားရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တိုင်းရင်းသား ဘာသာစာပေသင် ဆရာ/ဆရာမများအနေဖြင့် မိမိတို့ တိုင်းရင်းသား ကျောင်းသား လူငယ်များကို ကျန်းမာသန်စွမ်းသော လူတော်လူကောင်းများ ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က တိုင်းရင်းသား ဘာသာစာပေသင်ကြားရေးအထောက်အကူပြု ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးတို့က သင်တန်းဆင်း ဆရာ/ဆရာမများအတွက် သင်တန်းဆင်းလက်မှတ်များအား ချီးမြှင့်ပေးအပ်ခဲ့ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ခူမီးချင်းတိုင်းရင်းသူများက ကောက်စိုက်အက၊ ရခိုင်တိုင်းရင်းသူတစ်ဦးက ပိုးဝါအက၊ မကွေးတိုင်းဒေသကြီးမှ အရှိုချင်းတိုင်းရင်းသူများက အရှိုရိုးရာနှင့် အရှိုချင်းနေ့၊ မင်းတုန်းမြို့နယ်မှ အရှိုချင်းတိုင်းရင်းသူတစ်ဦးက ချင်းပျိုမေ အလှ၊ ပလက်ဝမြို့နယ်မှ ရခိုင်တိုင်းရင်းသူများက လခြမ်းမြေမှ ရခိုင်တို့ဘဝ တေးသီးချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ