မော်လိုက် ဩဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ခရိုင်အဂတိလိုက်စားမှုတားဆီးကာ ကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့ မွန်းလွှဲ (၂) နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ခေါင်းဆောင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းက အဂတိလိုက်စားမှုနှင့်ပတ်သက်သည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မော်လိုက်ခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်မင်းသော်က ဝန်ထမ်းများအနေနှင့် လာဘ်ပေးလာဘ် ယူမှုများနှင့် ပတ်သက်၍ မပြုလုပ်သင့်ကြောင်း အဂတိလိုက်စားမှုဆိုင်ရာဉပဒ ပုဒ်မများအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ မော်လိုက်ခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဇေယျာဝင်းက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အဂတိတရားလေးပါးအကြောင်းနှင့် သမိုင်းအဆက်ဆက်ခေတ်နှင့်လျော်ညီစွာ အဂတိလိုက်စားမှုတိုက်ဖျက်ခဲ့မှုများအကြောင်း အကျယ်တဝင့်အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသူများကလည်း အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)