ကလေးဝမြို့တွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ကလေးဝ သြဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၈) ကျောင်း၌ ဝါဆို ဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေများအား စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ ပါဝင်သော စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ ငါးပါးသီလခံယူဆောက်တည်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားခဲ့သည်။

ထိုနောက် ကျောင်းတိုက်အသီးသီးမှ ဝါဆို ဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ ၆၄ ပါးအား အလှူရှင်များက ဝါဆိုသင်္ကန်း (၁) စုံစီ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောက်တိုက် ၈ တိုက်အား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ရွှေမုဋ္ဌောကျောင်းတိုက်ဆရာတော်အရှင်သူမြတ်က တရားဒေသနာတော်များချီးမြှင့်ခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရှိရသည်။

(မြို့နယ်ပြန်/ဆက်)