ရေနံချောင်း ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ရွှေတုတ်ကန်ကျေးရွာအုပ်စု မကြီးတိုင်းကျေးရွာ၌ ဩဂုတ် ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ရွှေတုတ်ကန်ကျေးရွာအုပ်စု မကြီးတိုင်းကျေးရွာနေ ဦးအောင်ကျော်မြင့်(၄၉)နှစ်၏ နေအိမ်တွင် ထမင်း၊ ဟင်းချက်ပြုတ်ပြီး မီးဖိုအတွင်း မီးကြွင်းမီးကျန် ကျန်ရှိရာမှတစ်ဆင့် အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ (၂၀ ပေ၊ ၁၅ ပေ)သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးကြည်စိုးဟန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ဒေသခံပြည်သူများနှင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်