မုံရွာ သြဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ကလေးတပ်နယ်မှ ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့နယ်စုပေါင်းရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကလေးခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ချပြရှင်းလင်းပြီး တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် ကိုယ်စီတာဝန်များကို ကျေပွန်စွာဆောင်ရွက်ရန်လိုအပ်မှုများကို အသေးစိတ်မှာကြားခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရန် ဆောင်ရွက်နေမှုအခြေအနေများ၊ စားရေရိက္ခာပေါများရေးနှင့် ပြည်သူများ၏လုမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုအခြေအနေများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေမှုများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းမှာကြားခဲ့သည်။
ယင်းနောက် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက ကလေးခရိုင်အတွင်းရှိ မြို့နယ်များ၏ ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကလေးတပ်နယ်မှ ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် ဒေသတည်ငြိမ်အေးချမ်းရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မြို့သန်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကလေးတပ်နယ်မှ ဗိုလ်မှူးချုပ် အောင်နိုင်ဦးထံ လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများအတွက် ငွေကျပ် ၁၀ သိန်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းနှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးဝင်းမြတ်စိုးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ ကုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ဆေးရုံအုပ်ကြီးနှင့်ဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ရာ ဆေးရုံးအုပ်ကြီးက ဆေးရုံ၏ကုသရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြပြီး ဒုတိယတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူးက လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်တင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝနှ်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် ဆေးရုံအုပ်ကြီးထံ ငွေကျပ် ၁၀ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်အားပေးကာ တာဝန်ရှိသူများနှင့်အတူ အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီးကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၁၀)တပ်မတော်ဆေးရုံ (ကုတင်-၁၀၀)ဆံ့သို့ရောက်ရှိရာ ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ တာဝန်ရှိသူများနှင့်အတူ အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)