ပဲခူး သြဂုတ် ၂၆
ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က မိမိတို့ကော်မတီအဖွဲ့များအနေဖြင့် ကလေးသူငယ်ဥပဒေပါ ကလေးသူငယ်အခွင့်အရေးများကို ကလေးသူငယ်တိုင်း အပြည့်အဝခံစားခွင့်ရရှိစေရေး၊ ကလေးသူငယ်များပညာသင်ခွင့်ရရှိရေး၊ ဗဟုသုတ ပြည့်ဝစေရေး၊ ကဏ္ဍတိုင်းမှာ အပြည့်အဝပါခွင့်ရရှိပြီး ကလေးသူငယ်များရဲ့ အနာဂတ်ဘဝပြည့်စုံစေရေး၊ နောင်တချိန်မှာ တိုင်းပြည်အတွက် အားထားရတဲ့ ကလေးများဖြစ်လာအောင် လိုအပ်ချက်များကို အကြံပြုဆွေးနွေးပေးဖို့နှင့် ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေတာဖြစ်သလို ရေရှည်ဆောင်ရွက်မှုများကိုလည်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်က ကလေးသူငယ်အခွင့်အရေး(၄)မျိုး၊ အစည်းအဝေး၊ အသိပညာဟောပြောပွဲများဆောင်ရွက်ခဲ့မှု၊ လမ်းပေါ်နေကလေးများလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အတွက် သက်ဆိုင်ရာကော်မီဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ ရှေ့လုပ်ငန်းစဥ်များ၊ ထောက်ပံ့ကြေး၊ ဝန်ဆောင်မှုပေးခဲ့မှု၊ ကလေးမွေးစားခြင်းနှင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်း တည်ထောင်ခွင့်မှု စသည့်ကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များအား (Power Point)ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ခရိုင်ကော်မတီဝင်များက ရှေ့လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပဲခူးခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)