အုတ်တွင်း ဩဂုတ် ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့်တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့်အဖွဲ့သည် နတ်စဉ်ကုန်းကျေးရွာအုပ်စုရှိ တောင်သူဦးသူလွင်ထွန်း၏ ရက်(၉၀)မျိုးစေ့ထုတ်စံပြစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုခဲ့ပြီးစိုက်ပျိုးထားမှုအပေါ်လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကြက်သွန်ခင်း(၁)ရပ်ကွက်ရှိ “ကြယ်နီ” ဆန်စက်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တောင်သူ/လုပ်ငန်းရှင်(၂၅၀)အား တွေ့ဆုံဆွေးနွေးခဲ့ပြီး မြို့နယ်အတွင်းရှိမိုးစပါးစိုက်ဧက (၈၉၁၀၀)အား တောင်သူကိုယ်တိုင်မျိုးစေ့ထုတ်စိုက်ပျိုးနိုင်ရေးပညာပေးဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အပြန်အလှန်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရုံးချုပ်)မှ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား တောင်သူပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)