ကျုံပျော်ခရိုင်တွင် (၂၄)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြုလုပ်

ကျုံပျော် ဩဂုတ် ၂၆

အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်တွင် (၂၄)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီ အချိန်က စတင်ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ရည်မွန်ကို(မြန်မာစာ) ရေးစပ်သီကုံးသည့် "အားဖြည့်ကြ ဒီချိန်ခါ" တေးသီချင်းကို ဒိုင်အဖွဲ့က ဂုဏ်ပြုသီဆိုပြီး ခရိုင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ဝါသနာရှင် ဒုတိယတန်း အမျိုးသမီးအဆိုဖြင့် ဒေါ်တင်တင်ဝေနှင့် မဇင်ဒေဝီထွန်းတို့က ဧည့်ခံဖျော်ဖြေပြီး၊ အလှူရှင်များက ပြိုင်ပွဲအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြိုင်ပွဲအား ကျင်းပပြုလုပ်ရာ ကျုံပျော်၊ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်တို့မှ အခြေခံပညာအဆင့် အမျိုးသမီးအကနှင့် ကဗျာလွတ်အက ယှဉ်ပြိုင်ခြင်းတို့ကို လည်းကောင်း၊ ဝါသနာရှင် (ဒုတိယတန်း) ပတ္တလားအတီး ယှဉ်ပြိုင်ခြင်း၊ ဆိုင်းတစ်ဦးချင်း ယှဉ်ပြိုင်ခြင်းနှင့် အိုးစည်အဖွဲ့ ယှဉ်ပြိုင်ခြင်းတို့ကိုလည်း အသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)